မြောက်ဒဂုံကျူးကျော်များ စည်ပင်ညွှန်ကြားချက်အတိုင်း ဖယ်ရှားပေးမည်မဟုတ်ဟုဆို

မြောက်ဒဂုံကျူးကျော်များ စည်ပင်ညွှန်ကြားချက်အတိုင်း ဖယ်ရှားပေးမည်မဟုတ်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ။ ။ မြောက်ဒဂုံမြို့နယ် ၄၁တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းဘေးရှိ ကျူးကျော်နေထိုင်သည်ဟူသော တဲများကို ဖယ်ရှားပေးရန် မြောက်ဒဂုံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဒီဇင်ဘာလ ၁၈ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် သတိပေးစာပို့၍ တောင်းဆိုထားသော်လည်း ဖယ်ရှားပေးမည်မဟုတ်ဟု နေထိုင်သူများက မဇ္ဈိမကိုပြောသည်။

မိမိတို့အနေဖြင့် နိုင်ငံတော်စီမံကိန်းတစ်ခုခု အတွက်ဖြစ်လျှင် ဖယ်ရှားပေးမည် ဖြစ်ပြီး ယခုဖယ်ရှားခိုင်းခြင်းမှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ စီမံကိန်းဟူ၍သာ သိရသည့်အတွက် ၎င်းတို့အနေဖြင့် ဖယ်ရှားပေးနိုင်မည်မဟုတ်ဟု နေထိုင်သူအားလုံးကိုယ်စား ဦးအောင်ဌေးက ပြောသည်။

"ဆိုက်ကားနင်းတဲ့သူလည်း တိုင်းပြည်အတွက် အလုပ်လုပ်နေတာပဲ ဘာကွာလဲတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေလည်း မွေးမြူရေးတွေ တနိုင်တပိုင်လုပ်ပြီး တိုင်းပြည်တာဝန်ထမ်းနေကြတာပဲ" ဟု ၎င်းကပြောသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၄၁တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းနံဘေးနေရာရှိ လူကြီးမင်းတို့၏ ကျူးကျော်တဲများအား ဖျက်သိမ်းဖယ်ရှား ရှင်းလင်းဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည်ပင်သာယာဥပဒေ စည်းမျည်း/စည်းကမ်း၊ လုပ်ထုံး/လုပ်နည်း များနှင့်ထိရောက်စွာ  (ထိရောက်စွာ) အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရုံး၏ ရည်ညွှန်းစာ(၁)/(၂) တို့ဖြင့် အကြောင်းကြားစာများကို မြို့နယ် စည်ပင်က ပို့ထားပြီးဖြစ်သည်။

သို့သော် ဖျက်သိမ်းခြင်းမရှိသေးသည်ကို စိစစ်တွေ့ရှိရ၍ ကျူးကျော်တဲများအား ဒီဇင်ဘာ ၁၈ရက်တွင် နောက်ဆုံးထားရှင်းလင်းပေးရန် အကြောင်းကြားစာတွင် ပါရှိသည်။

နေထိုင်နေသူများအနေဖြင့် ယခုကဲ့သို့ ဖယ်ရှားမပေးခြင်းသည် သတိပေးစာကိုဆန့်ကျင်သလိုဖြစ်သော်လည်း မိမိတို့အနေဖြင့် ၁၉၈၉ ခုနှစ်မှစ၍ ၎င်းပလပ်မြေတွင် သမန်တောများကို ရှင်းလင်းခုတ်ထွင်ကာ နေထိုင်ခဲ့သည်မှာ အများဆုံး နှစ်၂၀ခန့်နှင့် အနည်းဆုံးမှာ ၅နှစ်ခန့်ရှိကြပြီဖြစ်ကြောင်း နေထိုင်သူများအားလုံး ကိုယ်စား ဦးအောင်ဌေးမှပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required