နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၃၀ စက်တင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၃၀ စက်တင်ဘာ ၂၀၂၁)
(Photo: : CJ - စက်တင်ဘာလ ၃၀ ရက်၊ မန္တလေးမြို့ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်)

စက်တင်ဘာလ ၃၀ ရက်

စစ်ကောင်စီ

· စစ်ကောင်စီ ဗဟိုဘဏ်နှင့် ဝန်ကြီးဌာနများသည် ယမန်နေ့က ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး နိုင်ငံခြားသုံးငွေ ငွေလဲလှယ်နှုန်း မြင့်တက်ကာ ဈေးနှုန်း အမျိုးမျိုး ဖြစ်ပေါ်နေမှုကို ဖြေရှင်းနိုင်ရန်နှင့် ငွေကြေးတည်ငြိမ်မှုရှိစေရေး ထိရောက်စွာ ကူညီဖြည့်တင်း ဆောင်ရွက်ပေးမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း စကစ သတင်းစာတွင်ဖော်ပြထားသည်။

· စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သင်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့များကို အင်အား (၂,၃၀၀)ဖြင့် ဖွဲ့စည်းပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

· အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း မဏ္ဍိုင်မှ အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး ဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းလုံခြုံရေး၊တည်ငြိမ်အေးချမ်းရေး သာယာဝပြောရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း စစ်ကောင်စီက ပြောသည်။

· Frontier Myanmar သတင်းဌာန၏ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ဒန်နီ ဖန်စတာမှ သတင်းထောက်လုပ်ငန်း ကျော်လွန်ပြီး လုပ်ဆောင်တာရှိသည့်အတွက် ဖမ်းဆီးထိန်းသိမ်း ခြင်းဖြစ်ကြောင်းယနေ့ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲဝင် ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။

· ရုရှားနိုင်ငံနှင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲတွင် ရေတိုကာလအတွင်းပြုလုပ်နိုင်သည့်  လျှပ်စစ် ကဏ္ဍ အပါအဝင် ကဏ္ဍ(၅)ခုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

· လက်ရှိဖြစ်ပေါ်နေသော ရွှေဈေးဒေါ်လာဈေးထက် နိုင်ငံသာယာဝပြောရေးနှင့် ဖူလုံရေးကို အဓိကထား ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲဝင် ဝါဒဖြန့်ချိရေးခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

· ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါ်ဇင်မာအောင် သည် ဆွီဒင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ann Linde နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေးအခြေအနေများ၊ အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းရန်ကြိုးပမ်း ခဲ့မှုကြောင့် ဖြစ်ပေါ်လာ ရသော အခက်အခဲအကြပ် အတည်းများ၊မြန်မာနိုင်ငံတွင်း ဒီမိုကရေအရေးလှုပ်ရှား မှုအခြေ အနေများ အကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြကြေင်း ထုတ်ပြန်သည်။

· ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိရာ သတင်းအချက်အလက်များအရ (၂၉.၉.၂၀၂၁) ရက်နေ့တွင်ရန်သူ့စစ်ရေးပစ်မှတ် - ၁၆ နေရာအုပ်ချုပ်ရေးပစ်မှတ် - ၈ နေရာနှင့် စီးပွားရေးပစ်မှတ် - ၃ နေရာတို့ကို ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း NUG မှ ထုတ်ပြန်ထားသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

· ကလေးမြို့တွင် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ပြည်သူများ ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ဝက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့က "ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်" ကြွေးကြော်သံများဖြင့် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာ ၁ ရွာမှ တော်လှန်ပြည်သူများသည် စက်တင်ဘာလ ၃၀ ရက် နံနက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်းနှင့် အကြမ်းဖက် ဖက်ဆစ် စစ်တပ်အမြစ်ပြတ် ကျဆုံးရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

· မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ၂၃၄ ရက်မြောက်အဖြစ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေးမြို့အခြေစိုက် လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃၀ရက်နေ့တွင် "တော်လှန်ရေးမှ သင့်ကို အလိုရှိသည်" အကြမ်းဖက် စစ်အာဏာရှင်စနစ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေးတွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေ သပိတ်တပ်ပေါင်းစုနှင့် LGBT သပိတ်ပူးပေါင်း စစ်ကြောင်းတို့ ယနေ့စက်တင်ဘာ ၃၀ ရက်နေ့ ပူးပေါင်းချီတက်ကြသည်။

· မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး စစ်အာဏာရှင် ဖြုတ်ချရေး လှုပ်ရှားမှုပြုလုပ်သည်။

· ထားဝယ် တောင်ပိုင်းသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၃၀ရက်နေ့က "တော်လှန်မီးတောက် အားကောင်ဖို့ CDM ကို ထောက်ပံ့စို့" ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်များဖြင့် လှည့်လည် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက အကြမ်းဖက် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး လူငယ်များ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· "ပြည်သူ့အမုန်း စစ်တပ်ကျရှုံး ပြည်သူ့အောင်ပွဲ ပြည်သူ့လက်ထဲ "မွန်ပြည်နယ် ပေါင်မြို့နယ်စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို စက်တင်ဘာလ ၃၀ ရက်နေ့ ပြုလုပ်သည်။

· မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာအား စက်တင်ဘာလ ၃၀ ရက် ယနေ့နံနက်တွင် အကြမ်းဖက်စစ်ကောင် စီတပ်များ ဝင်ရောက်လာပြီး တတိယအကြိမ်မြောက် မီးတင်ရှို့သွားကြောင်း နေအိမ် ၈ လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။

· ကယားပြည်နယ်၊ လွိုင်ကော်တွင် ယမန်နေ့က ဖြစ်ပွားသော ကုန်သားတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ် များက ပြည်သူပိုင်နေအိမ်များကို ပစ်ခတ် ဖျက်ဆီးမှုများ လုပ်ဆောင်ကြပြီး ယနေ့ နံနက်ပိုင်း အပျက်အစီးများကို မြင်တွေ့ရသည်။

· ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်တွင် ယမန်နေ့ ည ၉ နာရီ ၂၃ မိနစ်က ဗုံးပေါက်ကွဲ ခဲ့ပြီး စစ်ကောင်စီ တပ်များက အနီးအနားမှ ပြည်သူများကို ရိုက်နှက် စစ်ဆေး ညှဉ်းပန်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှသိရှိရသည်။

· ချင်းပြည်နယ် ထန်တလန်မြို့သို့ ဟားခါးမြို့ဘက်မှ  စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ပြန်လာသော ကား ၁ စီးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

· ကချင်ပြည်နယ် မိုးမောက်မြို့ ကြေးနန်းရပ်ကွက် ဘုန်းကြီးကျောင်းအနီးတွင် ယနေ့နံနက် ၁၁ နာရီခန့်က မိုင်းသုံးလုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

· ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အကျဲကျေးရွာအနီး ယနေ့နံနက် ၈ နာရီခန့်က စစ်ကောင်စီတပ်၏ ကားအစီး ၂၀ ခန့် ပါဝင် သည့် ရိက္ခာသယ်ယာဉ်တန်း ဖြတ်သန်းသွားကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

· ကရင်နီပြည်ရဲတပ်ဖွဲ့ KSP သည် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး လွန်ခဲ့သော ရက်ပိုင်းအတွင်း မသင်္ကာသူ ၁၀ ဦး အား ဖမ်းဆီးကြောင်း စစ်ဆေးမေးမြန်းပြီး ၅ ဦးအား ပြန်လွှတ်ပေး၍ သက်သေအထောက် အထားခိုင်လုံသော သတင်းပေး အမျိုးသား ၅ ဦးအား ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ အချုပ်တွင် ဖမ်းဆီးချုပ်နှောင် ထားကြောင်း KSP မှ သတင်းထုတ်ပြန်သည်။

· ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ လုံဂျာတောင်တွင် ယနေ့နံနက် ၁၀ နာရီခန့်မှစ၍ KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

· အကြမ်းဖက်စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်ရင်း ရှမ်း-ကယားနယ်စပ်ရှိ ကုန်းသာကျေးရွာတိုက်ပွဲတွင် ကျဆုံးသွားသော ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မောင်ပါစကွားလယ်၊ မောင်မားရ်ကို့၊ မောင်နို့၊ မောင်မြမောင် တို့၏ ဈာပနအခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် ၎င်းတို့၏ ဇာတိကျေးရွာ၌ ပြုလုပ်ခဲ့သည်။

· ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင် စီတပ်နှင့် KNLA ကြား စက်တင်ဘာလ ၂၇၊ ၂၈ နှင့် ၂၉ ရက်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၆ ဦးသေ ၅ ဦး ဒဏ်ရာရကြောင်း KNU တပ်မဟာ ၅ သတင်းရင်းမြစ်ထံမှ သိရသည်။

· ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာတွင် စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၅ နာရီမှ စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် KNDF ပူးပေါင်းတပ်ဖွဲ့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ ၃၀ သေဆုံး ၃၀ ဒဏ်ရရခဲ့သည်ဟု KNDF က ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၃၀ သုံးသပ်ချက်

· စစ်ကောင်စီလက်ထက်တွင်  နိုင်ငံခြားဝင်ငွေ ရရှိမှု ကျဆင်းနေပြီး ငွေကြေးဖောင်းပွမှု အဆမတန်မြင့် တက်နေသည်။၎င်းတို့လက်ထဲတွင်လည်း နိုင်ငံခြားဝင်ငွေ ပြတ်လပ်နေသည်ဟု ခန့်မှန်းရသည်။ နိုင်ငံခြားငွေသုံး၍ တင်သွင်းရသည့် ကုန်ပစ္စည်းများကို တဖြေးဖြေး တင်သွင်းခွင့် ပိတ်ပင်လာနိုင်သည်။ ယခင် စစ်အာဏာရှင်များ လက်ထက်ကလို့ပင် အရာရာရှားပါးပြီး ပါမစ်ကိစ္စ ဆီတန်းစီ ထုတ်ရသည့် အခြေအနေမျိုး ပြန်ဖြစ်နိုင်ဖွယ် ရှိနေသည်။

· စစ်ကိုင်း၊ကယား၊ချင်း၊ကချင်၊ကရင်ပြည်နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် PDFများ တိုင်းရင်းသားလက်နက်ကိုင်တပ်များ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ အထိနာနေပြီး PDF တို့ဘက်မှ ကျဆုံးမှု အနည်းငယ်ရှိနေသည်။

· အင်တာနက်ဖြတ်တောက်ထားသည့် ဒေသများတွင် အကြမ်းဖက်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ကျူးလွန်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

· ရန်ကုန်၊မန္တလေး။စစ်ကိုင်း၊ထားဝယ် တို့တွင် ဆန္ဒပြမှုများရှိသလို မြို့ပြပျောက်ကြားတော်လှန်ရေးနှင့် ဒလန်ရှင်းလင်းရေး လုပ်ငန်းများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required