စစ်ကောင်စီတပ်ဖွဲ့ ဘုရားကျောင်းထဲ ဝင်ရောက်ဖျက်စီးမှု ဓမ္မအမှုတော်ဆောင်များအဖွဲ့ သတိပေးထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့ ဘုရားကျောင်းထဲ ဝင်ရောက်ဖျက်စီးမှု ဓမ္မအမှုတော်ဆောင်များအဖွဲ့ သတိပေးထုတ်ပြန်

ဖလမ်း ဩဂုတ် ၂၀

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ တီာလ်(Taal)ကျေးရွာ ဘုရားကျောင်းအား စစ်ကောင်စီတပ်များ ဝင်ရောက်ဖျက်စီးမှုနှင့် ပတ်သက်၍ သြဂုတ် ၁၉ ရက်တွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က သဘောထားထုတ်ပြန်ချက် တစ်စောင်ဖြင့် သတိပေးထုတ်ပြန်သည်။

''ဥပမာဗျာ သူတို့ရှာချင်တဲ့ ရန်သူတွေခိုအောင်းတယ်ထင်လို့ ဝင်ရှာတာကတော့ ဖြစ်သင့်တယ်လို့ ယူဆတယ်။ဒါပေမဲ့ ဘုရားကျောင်း ဗိမာန်တော်ထဲမှာ ဆေးလိပ်သောက်တယ်။ ညအိပ်တယ်။ အရက်သေစာ သောက်စားတယ်။အမှိုက်အညစ်အကြေးတွေကို စွန့်ပစ်တယ်။အဲဒါကျတော့ ဘာသာရေး စော်ကားတာပဲ။ ကျွန်တော်တို့ အစည်းဝေးမှာတော့ အားလုံးက ပြင်းပြင်းထန်ထန် သဘောထားထုတ်ပြန်ချက် ထုတ်ချင်ခဲ့တာ၊ အခြေအနေအရပ်ရပ်ကြောင့် မဖြစ်သင့်တဲ့ ပြဿနာထပ်မဖြစ်စေချင်လို့ အ‌ေပျာ့ပြောင်းဆုံးနည်းနဲ့ ဒီသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်''ဟု ဖလမ်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များ ကော်မတီအဖွဲ့ဝင် တစ်ဦးကပြောသည်။

ဘုရားကျောင်းအတွင်းရှိ ခရစ်ယာန်ဘာသာ၀င်များ မြတ်နိုးစွာ ဦးထိပ်ထားပန်ဆင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာကျမ်းစာအုပ်များနှင့် ဘုရားဂုဏ်တော်ချီးမွမ်းရာတွင် အသုံးပြုသော သီချင်းစာအုပ်များအား ရိုင်းစိုင်းစွာ စော်ကားစွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းအပြုအမူသည် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့သည့် လုပ်ရပ်များဖြစ်နေကြောင်း၊ ဘာသာရေးပြဿနာ ဖြစ်လာ‌စေရန် လှုံဆော်သည့် သဘောသက်ရောက်ကြောင်းနှင့် ဘာသာရေး ပဋိပက္ခဖြစ်‌စေရန် ပုံဆောင်သည့် ရည်ရွယ်ချက်များအား လက်သင့်ခံနိုင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်စခန်းချနေထိုင် ဖျက်စီးခဲ့သည့် တီာလ်ကျေးရွာဘုရားကျောင်းသည် ဖလမ်းမြို့နှင့် ၁၅ မိုင် နီးပါး ဝေးကွာပြီး ဖလမ်း-ဟားခါးလမ်းမပေါ်တွင်တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly