နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၉ ဩဂုတ် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၉ ဩဂုတ် ၂၀၂၁)
(Photo : : CJ - ဩဂုတ်လ ၁၉ ရက်၊ မန္တလေးမြို့ မန္တလာတက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်)

စစ်ကောင်စီ

· စက်တင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်မည့် အကြိမ် ၃၀ မြောက် အောင်ဘာလေသိန်းထီဖွင့်ပွဲမှ စ၍ ထီလက်မှတ် ရောင်းရငွေ ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ခွဲဝေပေးမည့်အပြင် ထီဆုငွေများကို ကန့်သတ် ချက်မထားဘဲ အပြည့်အဝ ထုတ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။

· အာဆီယံမှ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမည့်ကိစ္စနှင့်ပတ်သက်သည့် Pledging Conference သို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် မြန်မာကို ငွေကြေးအထောက်အပံ့အနေဖြင့် အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀၊ ဩစတြေးလျဒေါ်လာ ၅ သန်းနှင့် ယူရို ၃၇၀,၀၀၀ တိုကို လှူဒါန်းကြမည်ဖြစ်ကြောင်း ကတိပြုပြောကြား ထားသည်။

· ယခုဘဏ္ဍနှစ်တွင် ကျေးရွာပေါင်း ၃၀၈၃ ရွာတွင် ရေကောင်းရေသန့်ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီလက်ထက်တွင် ပြန်လည်ဖွဲ့စည်းလိုက်သည့် သမဝယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး ကပြောသည်။

· ကိုဗစ်-၁၉ရောဂါကာကွယ် ကူးစက်ပြန့်ပွားမှုထိန်းချုပ်နေသော ကာလဖြစ်သည့်အတွက်ဆေးရုံများ၊ Quarantine Center များလျှပ်စစ်မီးဓာတ်အားမပြတ်တောက်စေရေးအပြင် Stay at Home နေထိုင်သော မိသားစုလိုက် ဓာတ်အားသုံးစွဲမှု ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန်နှင့် မီးပြန်ခြင်းမရှိ အောင်ကြိုးစားထား ရန် စစ်ကောင်စီ ဝန်ကြီးဦးအောင်သန်းဦးက လျှပ်စစ်ဝန်ထမ်းများအား မှာကြားသည်။

· ၂၀၂၃ခုနှစ်တွင် အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပတင်ပို့ခွင့်မပြုတော့ဘဲ တစ်ဝက် တစ်ပျက်ချောကုန်နှင့် ကုန်ချောများကိုသာ ပြည်ပတင်ပို့ခွင့်ပြုတော့မည်ဖြစ်ကြောင်း သယံဇတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းမင်းဦး ကပြောသည်။

· လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း အဆိုပါ ဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြောသည်။

· တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ခ-လ-ရ(၂၅) မှ တပ်မတော်သားများ လက်နက်များ ယူဆောင် ၍ ထွက်ပြေးသွားသည်ဆိုသောသတင်းသည် သတင်းမှားဖြစ်ကြောင်း စစ်ကောင်စီမှ ငြင်းဆို ထားသည်။

· သရက်မြို့ စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ဦး လက်နက်များဖြင့် ထွက်ပြေးသွားသည့် သတင်းကို စစ်ကောင်စီမှ ငြင်းဆိုထားသည်။

· ယခင်အစိုးရလက်ထက် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာ မျိုးအောင်နှင့် ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် (ဟောင်း) ဦးမင်းသူနှင့် ဒေါ်စံပယ်ထွေးတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဖြင့် အမှုဖွင့်လှစ် အရေးယူထား ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းထုတ်ပြန်သည်။

· ချင်းပြည်နယ် မင်းတပ်မြို့တွင် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်ထားပြီး တခြားမြို့များမှ ဆန် သယ်ယူမည်ဆိုပါက လူတစ်ဦးအတွက် ဆန် ၁၀ပြည်သာ သယ်ယူခွင့်‌ပြု‌ကြောင်း သိရသည်။

အမျိုးသားညီညွှတ်ရေးညွန့်ပေါင်းအစိုးရ

· အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီကို အပြီးသတ် ဖြုတ်ချ တော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာ ၅ သန်း ရရှိရေး စီမံချက်ကို အမျိုးသားညီညွတ်ရေး အစိုးရ NUG ၊ ကာကွယ်ရေး ဝန်ကြီး ဌာနက အကောင် အထည်လုပ်ဆောင်နေပြီး ပြည်သူများ ပါဝင်လှူဒါန်းကြရန် NUG က နှိုးဆော်ထားသည်။

· အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အိန္ဒိယနိုင်ငံ၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအတွက် သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

· စစ်ကောင်စီတပ်များ ကျူးလွန်နေသည့် ကနီ‌ဒေသက ကျေးရွာများကို တိုက်ခိုက်ဖျက်ဆီးပြီး အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှု (War Crime) မြောက် ကြောင်း ခိုင်ခိုင် မာမာ ပြောဆိုနိုင် သည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ဦးအောင်မျိုးမင်းကပြောသည်။

· မည်သို့သော အခြေအနေမျိုးမှာမဆို ပြည်သူလူထုနှင့် အဆက်အသွယ်မပြတ်ရှိနေစေရန်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ အရေးကြီးသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးနိုင်ရန်အတွက် Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူးဝါးလရှီးလ ကသူ့၏ လူမှုကွန်ယက် စာမျက်နှာတွင် ယနေ့ရေးသားထားသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

· ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNDF) နှင့် မဟာမိတ်တပ်များက ဖလမ်းနှင့် ကလေးမြို့နယ် အတွင်း စစ်ကောင်စီတပ်များနှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါးကို သုတ်သင်နိုင်ခဲ့ပြီး အမြောက်အများကိုဒဏ်ရာရစေခဲ့သည်ဟု သြဂုတ်လ ၁၈ ရက်နေ့ကထုတ်ပြန်ချက် တွင်ပါရှိသည်။

· တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် လူငယ်များ ဦးဆောင်ကာ သြဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ တပ်ရင်းတခုမှ စစ်သားတချို့သည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များကို ယူဆောင်၍ ယနေ့ (သြဂုတ် ၁၉ ရက်) နံနက်ပိုင်းက CDM ပြုလုပ်ပြီး ထွက်ပြေးသွားသည် ဆိုသည့် သတင်းမှာ မှန်ကန်ကြောင်း ထားဝယ်အခြေစိုက် ဒေသခံများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကျေးရွာတရွာမှ တော်လှန်ပြည်သူများသည် သြဂုတ်လ ၁၉ ရက်တွင် ကောက်စိုက်သပိတ်ဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး ဆန္ဒပြကြသည်။

· စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာတွင်းသို့ သြဂုတ်လ ၁၈ ရက် ညနေပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး နေအိမ်များ ဖျက်ဆီးမွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများ ခိုးယူသွားသလို အသက် ၇၂ နှစ်အရွယ် အဖိုးအိုတစ်ဦးအား ရိုက်နှက်ကန်ကြောက်သွားခဲ့သည်။

· ကလေး-ဂန့်ဂေါလမ်းမအတိုင်း ကလေးမြို့သို့ ချီတက်လာသည့် စစ်ကား အစီး ၄၀ ကျော်ကို ဂန့်ဂေါမြို့နယ် ထဲရှိ ကံရွာ ကျောက်ဂူတောရအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစုမှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား ၂ စီး ပျက်စီးသွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီလက်နက်ကိုင်တပ်သား ၃၀ ခန့် သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။

· စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာမှ စစ်ကောင်စီသတင်းပေးဒလန်ဟု စွပ်စွဲခံထားရသူ ဝင်းထိန်နှင့် မောင်ဟန်တို့နှစ်ဦးသည် သပြေချောင်အနီးတွင် သြဂုတ်လ ၁၈ ရက် ယမန်နေ့ညပိုင်းတွင် အသတ်ခံကြောင်း သတင်းရရှိသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ၊ကပေါင်းကျကျေးရွာက ပျူစောထီးလို့ နာမည်ထွက်နေသည့် ကြံ့ဖွတ်ပါတီဝင် ၂ ယောက် အသတ်ခံထားရသည့် ရုပ်အလောင်းများကို သြဂုတ် ၁၉ နေ့လယ်ပိုင်းက တွေ့ရ ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အကြမ်းဖက် အိမ်စောင့် စစ်ခွေး ဖြုတ်ချရေး အတွက် ကလေးမြို ပြည်သူ များက ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း မိုးထဲရေထဲတွင် ချီတက် သပိတ်မှောက်ကြသည်။

· တန့်ဆည်မြို့နယ် လူငယ်သပိတ်စစ်ကြောင်း ကျေးရွာတစ်ရွာက တောင်သူများ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၁၉ ရက်နေ့က အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး တောင်သူများ ကောက်စိုက် သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် နေ့စဉ်ပြုလုပ်နေ ကျဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များက မေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။

· မန္တလေးတွင် ကိုဗစ် ရောဂါအကြောင်းပြကာ အကြမ်းဖက် စစ်တပ်က Lock Down ချထားသော်လည်း ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး သံဃသမဂ္ဂ ဆရာတော်များ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေးတွင် စစ်အာဏာရှင် လုံး၀ အုပ်ချုပ်ခွင့်မရစေရေး၊ အကြမ်းဖက် အိမ်စောင့် စစ်ခွေး မောင်းထုတ် ရေးအတွက် ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး လူငယ်သပိတ်စစ်ကြောင်းသည် အခြားသပိတ်စစ်ကြောင်း များဖြင့်အတူ အင်အားအပြည့်ဖြင့် ချီတက် သပိတ်မှောက်ကြသည်။

· မန္တလေးတွင် အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး မန္တလာတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၉ ရက်နေ့က ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည် ။

· မန္တလေးတွင် အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ယနေ့ သြဂုတ်လ ၁၉ ရက်နေ့က "NUG သာ ပြည်သူ့အစိုးရ NUG ကိုထောက်ခံကျ" မန္တလေးရဲ့ အရမ်းညီတဲ့ ချမ်း/စည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မြင်းခြံမြို့နယ်၊ ဇီးပင်ကန်အုပ်စု၊ ကျောက်ကန်ရွာတွင် အသက် ၃၀ အရွယ် ကိုသက်နိုင်ဦးကို စစ်ကောင်စီတပ်များက ဩဂုတ်လ ၁၈ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီး နှိပ်စက်သတ်ဖြတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

· မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊၄၄လမ်းနှင့်၄၅လမ်းကြား၊၁၁၇(D)လမ်း၊မြရည်နန္ဒာ အိမ်ရာ နေထိုင်သူ အချို့ ဧည့်စာရင်းတိုင်သည့် ဓမ္မာရုံမှာ ဩဂုတ် ၁၉ရက်၊ညနေ ၄နာရီ ခွဲကျော်က ပေါက်ကွဲမှုဖြစ် သည့် အတွက် ရာအိမ်းမှူး တစ်ဦး အပါအဝင် အနည်းဆုံး ငါးဦးထက် မနည်းဒဏ်ရာရပြီး တစ်ဦးသေဆုံး ကြောင်းသိရသည်။

· ကချင်ပြည်နယ်၊ ဝိုင်းမော်အခြေစိုက် ခ.လ.ရ ၅၈ တပ်ရင်းမှ ယမန်နေ့ သြဂုတ်လ ၁၈ ရက် ၈ နာရီ ခွဲခန့်က ပစ်ခတ်သောလက်နက်ကြီးများသည် အနီးဝန်းကျင်ရှိ ခကွမ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

· ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စုတွင် ဩဂုတ်လ ၁၉ ရက်နေ့ စစ်အာဏာရှင် ဖြုတ်ချရေးသ ပိတ်စစ်ကြောင်း ချီတက် သပိတ်မှောက်ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

· ကယားပြည်နယ် (ကရင်နီဒေသ) အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်နေပြီး ဒေသခံ ကျေးရွာသားများကို ရိုက်နှက်ဖမ်းဆီးကာ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ကြိုးတုပ်ခေါ်ဆောင်ပြီး လူသားဒိုင်း လမ်းပြများအဖြစ် အသုံးပြုခြင်းခံနေရသည့် ဒေသခံရွာသားပေါင်း ၂၉ ဦး ရှိနေပြီဟု သတင်းရရှိသည်။

· မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ထွေအုပ်ရုံးဝင်းအတွင်းမှာရှိတဲ့ စုပေါင်းရုံးအတွင်းမှာ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

· မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း မင်းရွာတွင် သြဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်း ပျူစောထီး အဖွဲ့ဝင် ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

· မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ သြဂုတ် ၁၈ ရက်က စစ်ကောင်စီတပ်ဖွဲ့များ လိုက်ပါလာသည့် ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၃၀ လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရသွား ကြောင်း သိရသည်။

· မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် လူသတ် စစ်ကောင်စီသည် စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ အပြစ်မဲ့ ပြည်သူ ၁၀၀၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

· ရန်ကုန်မြို့၊ စမ်းချောင်းနှင့် ကမာရွတ်မြို့နယ်တို့တွင် ယမန်နေ့ ညပိုင်းက လူငယ် ၂၀ ထက် မနည်းကို စစ်ကောင်စီ တပ်များက ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုများကို လုပ်ဆောင် လျက်ရှိကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

· ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် လူငယ်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၉ ရက်က အင်းစိန်လမ်းမပေါ်၌ အကြမ်းဖက် လူသတ် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အောင်လံလမ်းတွင် စစ်ကောင်စီသတင်းပေး ဒလန်ဟု စွပ်စွဲခံရသူ လင်မယား ၂ ဦး ယနေ့ နံနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်တွင် ပစ်ခတ်ခံရပြီး အမျိုးသမီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

· ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသတွင် AAလက်နက်ကိုင်အဖွဲ့မှ ပေးသောစစ်သင်တန်းတက် ရောက်နေသူ ပလက်၀ဒေသခံအများအပြားထွက်ပြေးသွားခြင်းကြောင့် အနီးအနားရှိရွာများတွင် ရွာသူ/သား ဒေသခံများအား လက်နက်များထောက်၍ မြေလှန်ရှာဖွေနေကြကြောင်း သိရသည်။

· SSPP ၊TNLA တပ်ပေါင်းစုနှင့် RCSS တို့ တွက်ပွဲကြောင့် ကိုယ်ဝန်ဆောင်များ မသန်စွမ်းများ အပါအဝင် ဒေသခံ ၁၀၂ ဦး တိမ်းရှောင်နေရကြောင်း သိရသည်။

· ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကူးစက်မှုများ သိသိသာသာလျော့ဆင်းလာသော်လည်း ကင်းစင်သွားရန် ကြိုးပမ်းမှု အဖြစ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က Stay at Home သတ်မှတ်ကာလကို နောက်ထပ်ရက် သတ္တပတ် တိုးမြှင့်လိုက်သည်။

· ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ၏ အုပ်ချုပ်ရေး၊ တရား စီရင်ရေး အပိုင်းများကို တန်ပြန်ပြီး စစ်ကောင်စီက စစ်ရေးလှုပ်ရှား လာခြင်း၊ ခြိမ်းခြောက်လာ ခြင်းတို့ ကြောင့် သတိထားစောင့်ကြည့်နေသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောဆို ခဲ့သည်။

ဩဂုတ် ၁၉ သုံးသပ်ချက်

· စစ်ကောင်စီအနေဖြင့် နွေဦးထီကို ပြိုင်ဆိုင်ရန်အတွက် အောင်ဘာလေဆုကို တိုးမြှင့်ပြီး ဆုငွေကိုလည်း အပြည့်အဝ ထုတ်ယူခွင့်ပြုပေးမည်ဟု မက်လုံးပေးလာသည်ကိုတွေ့ရသည်။ အုပ်ချုပ်ရေးယန္တယားများကို အသက်ဝင်အောင် ကြိုးစားနေပေမယ့် အာဏာသိမ်းပြီး ၆ လကျော်လာသည်အထိ ဌာန နေရာအများစုကို ကောင်းစွာမအုပ်ချုပ်နိုင်သေးသည်ကို တွေ့ရသည်။

· အမျိုးသားညွှန့်ပေါင်းအစိုးရမှလည်းစစ်အာဏာရှင်ကို ဖြုတ်ချရန် အတွက်နည်းလမ်းပေါင်းစုံက လှုပ်ရှား နေသည်ကိုတွေ့ရသည်။နွေဦးထီနောက်မှလည်း ရန်ပုံငွေရှာတာများ ထပ်မံလုပ်ဆောင်လာသည်။ တော်လှန်ရေးလှုပ်ရှားမှုများကို လူထုထံရောက်ရှိရန်အတွက် ရေဒီယိုလိုင်းများကတဆင့် ထပ်မံကြိုစား လာသည်။ယင်းအစီအစဉ်သည် အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုအတွင်း စစ်ကောင်စီမှ အင်တာနက် များ ဖြတ်တောက်လာပါက လူထုနဲ့ မဝေးကွာစေရန် NUG၏ ကြိုးစားမှုတစ်ရပ်ဖြစ်သည်။

· ချင်းပြည်နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဒေသခံ PDF များလက်စွမ်းပြမှုကြောင့် အကြမ်းဖက်စစ်တပ် အထိနာခဲ့သည်။ယင်းကြောင့် ယနေ့မှာတော့ မင်းတပ်တဝိုက် ကျေးရွာကို အကြမ်းဖက်တပ်များ အင်အားအပြည့်ဖြင့် ထပ်မံတက်လာသည်ကို တွေ့ရသည်။စစ်ကိုင်းမှာတော့ ဒလန်ရှင်းလင်းရေးနှင့် ဆန္ဒပြမှုများ အားကောင်းသလို တချို့ဒေသများတွင်လည်း အကြမ်းဖက်စစ်တပ်မှ ဒေသခံပြ်သူများကို ဖိနှိပ်မှုများ ပြုလုပ်နေသည်။ မန္တလေးတွင် ကန့်သတ်မှု အကျပ်အတည်းကြားမှ ဆန္ဒပြမှုများ ရှိနေဆဲဖြစ်သည်။

· ရခိုင်ပြည်နယ်မှာတော့ AA တပ်မတော်က ဒေသခံပြည်သူများအပေါ် ဩဇာသက်ရောက်မှုရှိနေပြီး ယခုထက်ပိုသည် အခြေအနေမျိုးရောက်အောင် ကြိုးစားလာသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required