ဇွန် ၂၉
အမေရိကန် ဆိုရှယ်မီဒီယာကုမ္ပဏီ၏ စီအီးအို မက်ဇူကာဘတ်က ကုမ္ပဏီ စတော့တန်ဖိုးပိုင်း ထိုးကျခဲ့ပြီးနောက် ၎င်း၏ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်က အမုန်းစကားအကြောင်းအရာများနှင့်ပတ်သက်၍ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲများကို ဖော်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ဖေ့ဘွတ်ခ်၏ ရှယ်ယာတန်ဖိုးများသည် ၈ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်စုလျင် ဒေါ်လာ ၂၁၆ ဒသမ ၀၈ အထိ ရောက်ခဲ့သည်။
ယင်းနောက် မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဇက်ကာဘတ်က ပြီးခဲ့သည့် သောကြာနေ့ အွန်လိုင်းအစည်းအဝေးတစ်ခုတွင် ကြေညာသွားခဲ့သည်။
သို့သော်လည်း ကြော်ငြာလုပ်ငန်းရှင်များက ဖေ့ဘွတ်ပေါ်တွင် ကြော်ငြာခြင်းကို ရပ်ဆိုင်းမည်ဟု ကြုံးဝါးခဲ့သည့်အတွက် ဖေ့ဘွတ်ခ် ရှယ်ယာများကို ကျဆင်းစေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် နိုင်ငံရေးသမားများ၏ ပို့စ်များသည် စည်းမျဉ်းသစ်များကို ချိုးဖောက်နေသည် ဆိုပါက ယင်းပို့စ်များကို ကုမ္ပဏီဘက်က သတိပေးစာတန်းများ ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မကြာသေးမီကာလက အခြားသော လူမှုမီဒီယာကုမ္ပဏီတစ်ခုဖြစ်သည့် တွစ်တာက သမ္မတ၏ ပို့စ်တချို့ကို သတိပေးစာတန်းရေးထိုးခြင်းများ လုပ်ဆောင်ခဲ့သော်ငြား ဖေ့ဘွတ်ခ်ကမူ သမ္မတ၏ ပို့စ်များကို စောဒက မတက်ဘဲ ထားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဖေ့ဘွတ်ခ်အနေဖြင့် တွစ်တာကဲ့သို့ပင် မူဝါဒစည်းမျဉ်းချိုးဖောက်သည့် နိုင်ငံရေးသမားများ၏ ပို့စ်များကို သတိပေးမှုများ လုပ်ဆောင်သွားတော့မည် ဖြစ်သည်။
ထို့ပြင် ဖေ့ဘွတ်ခ်ကုမ္ပဏီအနေဖြင့် အမုန်းစကားဖြစ်စေသည့် အကြောင်းအရာများကို ရှင်းထုတ်ခြင်း၊ မမှန်မကန် ပြောဆိုမှုများ ပိတ်ဆို့ခြင်းနှင့်အတူ ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေကို ဖန်တီးယူသော ရပ်တည်ချက်တစ်ခု ကိုင်ဆွဲသွားမည်ဟု အသက် ၃၆ နှစ်ရှိ ဇက်ကာဘတ်က ပြောသွားခဲ့သည်။
ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ဖိနှိပ်ခံရခြင်းကို တိုက်ဖျက်ရာတွင် ကူညီရန်နှင့် လူမျိုးရေးဆိုင်ရာ တန်းတူညီမျှရှိမှုအပိုင်းကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရေးအတွက်လည်း ကုမ္ပဏီအနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇက်ကာဘတ်က ပြောသွားခဲ့သည်။