JICM ကျင်းပနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမည်ဟု RCSS ပြော

JICM ကျင်းပနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရမည်ဟု RCSS ပြော
ဓာတ်ပုံ - NCA-S EAO

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ။                            ။ တစ်နှစ်ကျော်ကြာ မကျင်းပနိုင်ခဲ့သည့် NCA အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကျင်းပနိုင်ရေး အားလုံးကြိုးပမ်းလုပ်ဆောင်ရမည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်းစီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

JICM ကျင်းပနိုင်ရေး အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် NCA ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ (NCA-S EAO ) တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ဆုံနေစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“JICM အစည်းအဝေးအချိန်မီကျင်းပနိုင်ရေးကို ကျွန်တော်တို့အားလုံး ကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆို သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေသောအချက်များကိုဖြေရှင်းရန် အစိုးရနှင့် NCA-S EAO တို့နှစ်ဖက် အဆိုပြုချက် အသီးသီးကိုပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

အဆိုပြုချက်များကို တရားဝင် အပြန်အလှန်ညှိနှိုင်းဆွေးနွေးရန် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိပြီး JICM ကျင်းပကာ အဆိုပြုချက်များကို ဆွေးနွေးအတည်ပြုရန် ကြိုးပမ်းခဲ့သော်လည်း ယခုအချိန်ထိကျင်းပနိုင်ခြင်းမရှိသေး ခြင်းလည်းဖြစ်သည်။

ဓာတ်ပုံ - NCA-S EAO

အဆိုပါ နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များဆွေးနွေးအတည်ပြုပြီးပါက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၊ လုပ်ငန်းကော်မတီ (WC)၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ND) အစရှိသည့် အစည်း အဝေးများကျင်းပပြီးနောက် ၂၁ ရာစုပင်လုံကျင်းပရေး လမ်းပွင့်မည်ဟု NCA-S EAO များဘက်မှဆိုသည်။

ထို့ကြောင့် JICM ကျင်းပနိုင်ရေး အားလုံးကြိုးပမ်းလုပ်ဆောင်ရမည်ဟုပြောဆိုရခြင်းဖြစ်ကြောင်း RCSS အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင်းက PPST  ယာယီအဖွဲ့ခေါင်းဆောင် RCSS ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နေပြည်တော်တွင်အောက်တိုဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လေးနှစ်မြောက်နှစ်ပတ်လည်နေ့နှင့် အောက်တိုဘာ ၃၀ ရက်နေ့တွင်ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တို့ကို တက်ရောက်ရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း ခရီးစဉ်လမ်းကြောင်းကိစ္စတွင် တပ်မတော်နှင့် အမြင်မတူဖြစ်ကာ ခရီးစဉ် ဖျက်သိမ်း ခဲ့ရပြီးနောက် JICM အစည်းအဝေးလည်းနောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်။

JICM အစည်းအဝေးသည် အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် တပ်မတော်ဘက်မှ တပ်ချုပ်(သို့မဟုတ်) ဒုတိယကာကွယ်ရေး ဦးစီးချုပ်တို့ ကိုယ်တိုင် တက်ရောက်ရ သည့် NCA တွင် အမြင့်ဆုံး အစည်းအဝေးလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly