အခြေခံပညာဦးစီးဌာနမှ ညွှန်ချုပ်ကိုအရေးယူပေးရန် ပညာရေးတက္ကသိုလ်/ကောလိပ် ကျောင်းသားသမဂ္ဂများတောင်းဆို

အခြေခံပညာဦးစီးဌာနမှ ညွှန်ချုပ်ကိုအရေးယူပေးရန် ပညာရေးတက္ကသိုလ်/ကောလိပ် ကျောင်းသားသမဂ္ဂများတောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၉။     ။  အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းသည် အကြီးအကဲတစ်ဦးအနေဖြင့် မပြောသင့်သောစကားများကို ပြောဆိုခဲ့ကြောင့် အရေးယူပေးရန် ပညာရေးတက္ကသိုလ်၊ ပညာရေး ကောလိပ်ကျောင်းသားသမဂ္ဂများက တောင်းဆိုလိုက်သည်။

“ပဲခူးတိုင်းဝန်ကြီးချုပ်က ပညာရေးဝန်ထမ်းတွေကို ပြောတဲ့အပေါ်တုံ့ပြန်မှုမပေးဘူးပေါ့ဗျာ။ ဘာမှ မပြောရင်တောင် ကိစ္စမရှိဘူး။ အဲ့လိုမဟုတ်ဘဲနဲ့ အဲ့ဒါက ကာယကံရှင်ဆရာ၊ ဆရာမက လုပ်တာ နဲ့ပဲဆိုင်တယ်လို့ ပြောတယ်။ နောက်တစ်ခုက ၂ဝ၁၈ တုန်းက မသန်စွမ်းနဲ့ ပတ်သက်ပြီးပြောတာ။ မသန်စွမ်းဆရာမ တစ်ယောက်ရှိတယ်။ အဲ့ဆရာမက မသန်စွမ်းဆိုပေမယ့် ကျောင်းသွားပြီး လုပ်အား ပေးတဲ့ လုပ်အားပေးဆရာမပေါ့။ ဒီကျောင်းတွေမှာ မသန်စွမ်းတွေလည်းပဲ သူ့အရည်အချင်းနဲ့ ကိုက် ညီရင် ဆရာ၊ ဆရာမဖြစ်ခွင့်ရှိတယ်လို့ပြောတာ။ အဲ့ဒါကို ဦးကိုလေးဝင်းက ကျွန်တော်တို့ရုံးမှာ မသန်စွမ်းဆိုရင် စာရေး၊ စာစီတောင်မခန့်ချင်ဘူးလို့ပြောတာပေါ့။ လက်လွတ်စပယ်ပြောတာက များလာပြီ” ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုနောင်ထက်အောင်က ပြောသည်။

ဦးကိုလေးဝင်းသည် ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသား/ ကျောင်းသူ များအပေါ်နားလည်မှုလွဲစေရန် အခြေခံပညာကျောင်းအုပ်ကြီးများရှေ့တွင် တစ်ဖက်သတ်စွပ်စွဲခြင်း၊ ဌာနအကြီးအကဲတစ်ယောက်အနေဖြင့် ဌာနဝန်ထမ်းများအပေါ် မူဝါဒအရအကာအကွယ်မပေးခြင်း၊ စော်ကားမှုများကို လျစ်လျူရှုခြင်းနှင့် မသန်စွမ်းသူများအပေါ် လူသိရှင်ကြားခွဲခြား ဆက်ဆံသော စကားပြောဆိုခြင်းတို့ကို ပြုလုပ်ခဲ့သည့်အတွက် သက်ဆိုင်သူများကိုတောင်းပန်ရန်နှင့်အစိုးရ တာဝန် ရှိသူများ အနေဖြင့် အရေးယူဆောင်ရွက်ပေးရန် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီတို့က ၎င်းတို့၏သဘောထားကြေညာချက်ကို နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆရာ၊ ဆရာမတွေ ဒီကရွာသူ၊ ရွာသားတွေနဲ့ အိမ်ထောင်ကျအောင် လူငယ်လေးတွေက ဆရာမတွေကို ရည်စားစကား လိုက်ပြောကြ" ဟုပြောဆိုခဲ့ခြင်းဖြစ်ပြီး ဦးကိုလေးဝင်းက ပညာရေးဝန်ကြီးဌာနအနေနဲ့ တုံ့ပြန်ဖို့မရှိဘူး။ ဒါသက်ဆိုင်ရာ ဆရာမတွေရဲ့ သဘောထားအပေါ်ပဲမူတည်တယ်။ မူဝါဒအနေနဲ့လည်း ပြောလို့မရဘူး” ဟုတုံ့ပြန်ခဲ့ကြောင်း ကိုနောင်ထက်အောင်က ဆက်ပြောသည်။

“သူ့အနေနဲ့ စကားကို လက်လွတ်စပယ်ပြောတာများလာပြီ။ များတော့ အရင်တုန်းကတော့ သည်းခံ နိုင်တဲ့သူ သည်းခံကြတာပေါ့ဗျာ။ သူ့ဟာသူ လက်လွတ်စပယ်ပြောတာက ကိစ္စမရှိဘူး။ အခုလို ကျောင်းအုပ်ကြီးတွေရှေ့မှာ နာမည်ဖျက်တာကျတော့ ကျွန်တော်တို့ လုပ်ငန်းခွင်ဝင်တဲ့အချိန်လည်း အနှောင့်အယှက်ဖြစ်တယ်။ အဲ့တော့ သူ့အနေနဲ့ တောင်းပန်ဖို့ လိုတယ်။ သက်ဆိုင်သူတွေကို တောင်းပန်ရမယ်။ ပညာရေးဝန်ကြီးဌာနနဲ့ အစိုးရဘက်က အရေးယူဖို့ လုပ်ပေးပေါ့နော်။ မလုပ် ပေးဘူးဆိုရင် ကျွန်တော်တို့ဘက်ကလည်း တစ်ခုခုတော့ လုပ်ရမှာပေါ့” ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စအတွက် မှတ်ချက်ပေးရန် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကို မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly