တပ်မတော်နှင့် ဖြစ်ပွားသည့်တိုက်ပွဲတွင် နယ်မြေ ကျော်လွန်ခဲ့ခြင်းမရှိဟု RCSS ဘက်မှဆို

တပ်မတော်နှင့် ဖြစ်ပွားသည့်တိုက်ပွဲတွင် နယ်မြေ ကျော်လွန်ခဲ့ခြင်းမရှိဟု RCSS ဘက်မှဆို

ရန်ကုန်၊ ဇန်နဝါရီ ၂ ။          ။ တပ်မတော်နှင့် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် RCSS တို့ ရှမ်းပြည်မြောက်ပိုင်း ဟိုပုံးမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ၄င်းတို့အနေဖြင့် နယ်မြေကျော်လွန်ခြင်းမရှိခဲ့ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်း က မဇ္စျိမသို့ ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်က ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု၊ အရှေ့ခြမ်းနယ်မြေအတွင်းမှာ တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြံုရေး လုပ်ဆောင်ချိန်တွင် RCSS အဖွဲ့နှင့် တွေ့ဆုံတိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

RCSS ဘက်မှ နယ်မြေ ကျော်လွန်ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရသည် ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒီဇင်ဘာ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကာ တပ်မတော်ဘက်မှ RCSS ကို JMC-U သို့ တိုင်ကြားထားသည်။

အဆိုပါ တိုင်ကြားသည့်စာကို “ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ”  JMC-U က “ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ” RCSS/SSA ဘက်သို့ ပြန်လည်ပေးပို့ ထားသည်။

RCSS မှ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက “ အခုဖြစ်ပွားခဲ့တဲ့နယ်မြေဟာ NCA မထိုးခင်တည်းက ကျွန်တော်တို့နယ်မြေ ဖြစ်ပါတယ်။ နောက်တစ်ချက်က ပြောနေတဲ့ နယ်မြေသတ်မှတ်တယ်ဆိုတာ အခုထိ ကျွန်တော်တို့ကြားထဲမှာ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး ” ဟု ပြောသည်။

အဆိုပါ နယ်မြေကျော်လွန်သည့် ကိစ္စနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းက တပ်မတော်အနေဖြင့် သီးခြား မှတ်ချက်မပေးလိုကြောင်း ပြောဆိုသည်။

“ JMC ရဲ့လုပ်ငန်းစဉ် အတိုင်းပဲလုပ်နေမှာပါပဲ JMC ရဲ့သဘောကလည်း ဒီလိုမျိုးဖြစ်စဉ်တွေကို ဖြေရှင်းဖို့ပဲ ဖွဲ့စည်းထားတာဆိုတော့လေ မြေပြင်မှာ လုပ်ငန်းစဉ်အတိုင်းပဲဆက်လုပ်နေပါလိမ့်မယ် “ ဟု ၄င်းကပြောဆိုသည်။

NCA ထိုးပြီးနောက်ပိုင်း ၁နှစ်ကျော်ကျော်အတွင်းတွင် တပ်မတော်နှင့် RCSS/ SSA အနေဖြင့် မတော်တဆဖြစ်ပွားသည့် တိုက်ပွဲပေါင်း ၂၀ ခန့်ရှိနေသည်ဟု ဒုဗိုလ်မှူးစိုင်းငင်းက ပြောဆိုထားသည်။

RCSS/SSA သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို အခြားတိုင်းရင်းသား ရ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးထားသည့်အဖွဲ့   ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags