ညောင်ပင်သာ ရဲစခန်းကို စီးနင်းပြီး လက်နက်များကို သိမ်းယူသည့် ရုပ်သံဖိုင်

By ရွှေနွယ်( မဇ္ဈိမ )
14 December 2023
ညောင်ပင်သာ ရဲစခန်းကို စီးနင်းပြီး လက်နက်များကို သိမ်းယူသည့် ရုပ်သံဖိုင်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းအား ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ စခန်းကိုသိမ်းပိုက် လိုက်ပြီးနောက် လက်နက်တိုက်အတွင်းက လက်နက်၊ ခဲယမ်းများကို သိမ်းဆည်းလိုက်ကြသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ ရုပ်သံဖိုင်ကို တော်ဝင်ဒေါင်းစစ်ကြောင်းက ယနေ့ထုတ်ပြန်လာသည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သည် စခန်းအတွင်းက လက်နက်နှင့် ခဲယမ်းများကို သိမ်းဆည်းပြီးနောက် စခန်းကို မီးရှို့လိုက်သည်ကို ရုပ်သံဖိုင်တွင် တွေ့ရသည်။

"ကျွန်တော်တို့ဘက်က သူတို့ရဲ့အလောင်းတွေ မရလိုက်ဘူး၊ သူတို့ရဲ့ တိုက်ခိုက်ရေး လက်နက်တော်တော်များများ မရလိုက်ဘူး၊ သူတို့ရဲ့တိုက်ခိုက်ရေး လက်နက်တော်တော်များများ ကိုလည်း သူတို့ပြန်ယူသွားနိုင်တယ်၊ ကျွန်တော်တို့က လက်နက်တိုက်နဲ့ လက်နက်တိုက်အတွင်းမှာရှိတဲ့ သူတို့ရဲ့ကာကွယ်ရေးလက်နက် အဓိကရုဏ်း ရှင်းလင်းရေးလက်နက်တွေပဲ ရလိုက်တယ်” ဟု မြေပြင်တပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

ထိုတိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံးကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ပြောပြီး အဆိုပါ သေဆုံးသူ အရေအတွက်နှင့် ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

"တိုက်ခိုက်တဲ့အချိန်က အာရုံတက်ချိန်ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တခုလုံးက လုံးဝမမြင်ရဘူး မှောင်မဲနေတာ၊ သူတို့စခန်းကိုဝင်တိုက်၊ သူတို့ဆုတ်သွား၊ သူတို့ဆုတ်သွားပြီး ကျွန်တော်တို့ ရှင်းလင်းရေးလုပ် မီးရှို့ဖျက်ဆီးပြီး ကျွန်တော်တို့ ပြန်ဆုတ်တာ၊ အဲ့တော့သူတို့ဆုတ်သွားတဲ့ လမ်းကြောင်းကို လိုက်မရှင်းဘူး၊ မှောင်လည်းမှောင်တယ်၊ သူတို့အပိုင်တပ်ရှိတဲ့ဘက်ကို ဆုတ်သွားတာဖြစ်တယ်၊ လိုက်ရှင်းရင်တော့ အလောင်းတွေရနိုင်တယ်”ဟု တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ရိုးမစစ်ကြောင်း (၁) အာဠာဝကစစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ KNLA နှင့် BPLA တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့က ဘုရားငါးဆူ စစ်ကောင်စီတပ်စခန်းကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်က ယမန်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

သိမ်းပိုက်ခံရသော စစ်ကောင်စီစခန်းနှစ်ခုသည် ရန်ကုန်−မန္တလေး လမ်းပေါ်တွင် တည်ရှိပြီး
ဖြူးမြို့သည် တော်လှန်ရေးပူးပေါင်းတပ်များမှ သိမ်းပိုက်ထားသည့် မုန်းမြို့နှင့် စစ်တောင်းမြစ်သာခြားပြီး နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။

Video file- တော်ဝင်ဒေါင်းစစ်ကြောင်း

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required