တရုတ်နိုင်ငံနှင့် အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သောမူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ်ကားဝင်းသို့ စစ်ကောင်စီတပ်ဘက်က ပစ်သည့် လက်နက်ကြီး ယနေ့ နိုဝင်ဘာလ ၂၃ရက် နံနက်၌ ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများမီးလောင်နေကြောင်း ဒေသခံများကပြောသည်။
“ပစ်တာကတော့ များသောအားဖြင့် ၁၀၅ မိုင် စခန်းကုန်းကနေ ပစ်တာများတယ်။ သူတို့က ရမ်းပစ်တယ်ဗျာ။ ပြည်သူလူထုကြောက်အောင် ပြည်သူလူထု ရှိတဲ့နေရာကို ရမ်းပစ်နေတာဗျ” ဟု မူဆယ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ယနေ့ နံနက် ၆နာရီခန့်တွင် ကားဝင်းအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး နံနက် ၁၁နာရီ ၁၅ မိနစ်ခန့်အထိ မီးလောင်နေဆဲဖြစ်ကြောင်း သိရသည်။ ကားဝင်းအတွင်း၌ ကုန်တင်ကားအစီးရေ ၁၀၀ ကျော်ရှိကြောင်း ယာဉ်မောင်းတဦးကပြောသည်။
“ကားတွေ မီးလောင်နေတာ မီးညွှန့်တွေ တက်နေတုန်း။စစ်ကောင်စီက မူဆယ်ဘက်ကနေ ပစ်တာ" ဟု ဒေသခံတဦးကပြောသည်။
လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပေ။
မူဆယ်မြို့နှင့် တရုတ်နယ်စပ်ထွက်ပေါက်ဖြစ်သည့် ကျင်စန်းကျော့ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ကြား ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ လတ်တလော၌ ဒေသတွင်းတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းပြည်ထောင်စုလမ်း ဆက်သွယ်ရေး ပြတ်တောက်နေစဉ် ကားများသည် ကျင်စန်းကျော့ကားဝင်းအတွင်း ရပ်နားထားရခြင်းဖြစ်သည်။
လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပျက်စီးမှု အသေးစိတ်အခြေအနေကိုမူ မသိနိုင်သေးကြောင်း ဒေသခံများကပြောသည်။
နောက်ဆုံးရရှိသော သတင်းအရ ကုန်တင်ကားအချို့ကို ယဉ်မောင်းများက ဘေးလွတ်ရာသို့ မောင်းနှင်ရွှေ့ပြောင်းနေကြောင်း သိရသည်။