အထင်ကရ နျူကလီးယား သဘောတူညီချက် အမေရိကန်နှင့် ဖိလစ်ပိုင် လက်မှတ်ထိုး

အထင်ကရ နျူကလီးယား သဘောတူညီချက် အမေရိကန်နှင့် ဖိလစ်ပိုင် လက်မှတ်ထိုး
Photo: AFP

အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် အထင်ကရ နျူကလီးယား သဘောတူညီချက်တရပ်ကို နိုဝင်ဘာ ၁၇ ရက်တွင် လက်မှတ်ရေးထိုးလိုက်ပြီး ထိုသဘောတူညီချက်အရ ဝါရှင်တန်အနေဖြင့် နျူကလီးယားနည်းပညာနှင့် ဒြပ်ပစ္စည်းများကို မနီလာသို့ ပေးပို့ခွင့်ရမည် ဖြစ်သည်။

ဖိလစ်ပိုင်သည် ကာဘွန်လျှော့ချရန်နှင့် စွမ်းအင်လွတ်လပ်မှုကို တိုးမြှင့်ရန် နျူကလီးယားစွမ်းအင် အသုံးပြုမှုကို စူးစမ်းလေ့လာလျက်ရှိသည်။

“ဖိလစ်ပိုင်ဟာ အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖိုတွေနဲ့ အခြား အရပ်ဖက် နျူကလီးယားစွမ်းအင် အခြေခံအဆောက်အအုံတို့ ဖော်ဆောင်ဖို့ လုပ်ဆောင်နေချိန်မှာ အမေရိကန်အနေနဲ့ သူတို့နဲ့ နည်းပညာပစ္စည်းတွေနဲ့ ဒြပ်ပစ္စည်းတွေ ဝေမျှနိုင်မှာဖြစ်တယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဆန် ဖရန်စစ္စကိုရှိ APEC အစည်းအဝေး ပြင်ပတွင် လက်မှတ်ထိုးပွဲအခမ်းအနားတခု၌ ပြောသည်။

သဘောတူညီချက်အတွက် ဆွေးနွေးမှုများကို ၂၀၂၂ နိုဝင်ဘာတွင် စတင်ခဲ့ခြင်းဖြစ်သည်။
“၂၀၃၂ အရောက်မှာ နျူကလီးယားစွမ်းအင်ဟာ ဖိလစ်ပိုင်ရဲ့ စွမ်းအင်အရာမှာ တစိတ်တဒေသ ဖြစ်လာဖို့ မိမိတို့ ရှုမြင်တယ်။ အမေရိကန်နဲ့အတူ ဒီလမ်းကြောင်းကို သွားရတဲ့အတွက် မိမိတို့ ပိုပြီး ဝမ်းသာမိတယ်” ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောသည်။

“နျူကလီးယားစွမ်းအင်ဟာ ဖိလစ်ပိုင်-အမေရိကန် မဟာမိတ်ဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက အမှန်တကယ် အလုပ်ဖြစ်တယ်ဆိုတာကို ပြသနိုင်မယ့် နယ်ပယ်တခုဖြစ်တယ်”

နျူကလီးယား မပြန့်ပွားရေး သတ်မှတ်ချက်များအတိုင်း လိုက်နာလျက်ဖြင့် နျူကလီးယား ဒြပ်ပစ္စည်း၊ ပစ္စည်းနှင့် အချက်အလက်များကို ငြိမ်းချမ်းစွာ လွှဲပြောင်းခွင့်ပြုမည့် သဘောတူညီချက်အတွက် အမေရိကန် ကွန်ဂရက်၏ အတည်ပြုမှုကို လိုအပ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required