စစ်ကောင်စီတပ်ထောက်ပို့ သ​င်္ဘော ၂ စင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ဟုဆို

By 008 (မဇ္ဈိမ)
07 November 2023
စစ်ကောင်စီတပ်ထောက်ပို့ သ​င်္ဘော ၂ စင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ဟုဆို
ပုံ -  သိမ်းဆည်းရမိသည့် သ​င်္ဘော (ဖလက်မော်တော်)ကို တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချစ်တွင်းမြစ်အတွင်း သွားလာနေသည့် စစ်​ကောင်စီတပ် ထောက်ပို့သင်္ဘော(ဖလက် မော်တော်) နှစ်စင်းကို နိုဝင်ဘာ ၆ရက်၊ ည ၁၀နာရီဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကျောက်လုံးကြီး(KLG) တပ်မဟာတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

စစ်ကိုင်းတိုင်း၊ မော်လိုက် မြို့နယ်မှ စုန်ဆင်းလာပြီး ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် သောင်တင်နေသည့် သ​င်္ဘော ခုနစ်စီးကို နိုဝင်ဘာ ၅ရက် မှစတင်တိုက်ခိုက်ရာ ၆ရက်နေ့ ညပိုင်းတွင် နှစ်စီးကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

"ထောက်ပို့သ​င်္ဘော ခုနစ်စင်းထဲကမှ နှစ်စင်းကို ကျွန်တော်တို့အဖွဲ့နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး အောင်အောင်မြင်မြင်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ခင်ဗျ။ ထောက်ပို့ သ​င်္ဘော နှစ်စီးပေါ်မှာက ဘာပစ္စည်းမှပါမလာတော့ ဒီသ​င်္ဘော နှစ်စီးပဲ သိမ်းဆည်းရမိတယ်။"ဟု KLG တာဝန်ရှိသူက ပြောသည်။

သိမ်းဆည်းရမိသည့် သ​င်္ဘော နှစ်စင်းပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျန်သင်္ဘောပေါ်သို့ ထွက်ပြေးပူးပေါင်းသွားပြီး အပြန်အလှန်ပစ်ခတ်မှု တနာရီကျော်ကြာမြင့်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ အထိနာသွားကြောင်းသိရသည်။

"သူတို့ကထွက်ပြေးပြီး ဟိုဘက် သ​င်္ဘောတွေမှာ သွားပေါင်းတယ်။ကျွန်တော်တို့နဲ့ အပြန်အလှန်ပစ်ခတ်တာတွေရှိတယ်။ သူတို့ အထိနာပါတယ်။ ကျွန်တော်တို့ဘက်က စနိုက်ပါနဲ့ တည်ပစ်တာတွေရှိတယ်။"ဟု တိုက်ခိုက် မှုတွင်ပါဝင်သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောက်လုံးကြီး(KLG)တပ်မဟာ၊ ယင်းမာပင်ခရိုင်၊တပ်ရင်း(၂၁)၊ တပ်ရင်း(၂၂)၊ တပ်ရင်း(၂၃ )တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ကျန်ရှိနေသည့် စစ်ကောင်စီတပ် ထောက်ပို့သ​င်္ဘော ငါးစင်းမှာ ယနေ့ နိုဝင်ဘာ ၇ရက်၊ နံနက်ပိုင်းစတင်၍ ကနီမြို့နယ် အောက်ဘက်သို့ စုန်ဆင်းသွား​​ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required