ဒေါ်အောင်ဆန်းစုကြည်အတွက် စာအုပ်များ ပို့ဆောင်ခွင့်ရ

ဒေါ်အောင်ဆန်းစုကြည်အတွက် စာအုပ်များ ပို့ဆောင်ခွင့်ရ

နေပြည်တော်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြီးခဲ့သည့်အပတ်က စာအုပ်များပို့ဆောင်ပေးခဲ့ကြောင်း ၎င်းအား ထောင် ဝင်စာပစ္စည်းပေးပို့နေသည့်အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“စာဖတ်ဖို့ စာအုပ်တွေမှာလို့ ပို့ပေးနေတာ။ သူဖတ်နေတဲ့ စာအုပ်တွေ။ သူက အင်္ဂလိပ်လို ဖတ်နေတာတွေ ရော ဘာတွေရော အများကြီးပေါ့။ ဘာသာရေးစာအုပ်တွေရော။ ပြီးခဲ့တဲ့တပတ်က ပို့လိုက်တယ်လို့ကြား တယ်”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း ကြားသိရသည်ဟုလည်း ၎င်းက ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခဲ့ ပြီး ပြစ်ဒဏ်အချို့ကို ပြန်လျှော့ပေါ့ပေးခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထား ရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် စစ်ကောင်စီက အကျဉ်းထောင်များတွင် မိသားစုဝင်များနှင့် ထောင်ဝင်စာလူချင်းတွေ့ဆုံခွင့်ကို ပြန်ခွင့်ပြုပေးခဲ့ပြီး တဖက်တွင်လည်း မြန်မာနိုင်ငံတွင် အိမ်ထောင်စု စာရင်းပါ မိသားစုဝင်မရှိသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ၎င်း၏ ရှေ့နေအဖွဲ့က လူချင်းတွေ့ဆုံခွင့် ရရန်ကြိုးစားနေကြောင်း သိရသည်။

ရှေ့နေအဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့တွင် နေပြည်တော်အချုပ်ထောင် အာဏာပိုင် များထံ စာဖြင့် ခြောက်ကြိမ်မြောက် ထပ်မံတင်ပြထားသော်လည်း လက်ရှိအချိန်ထိ တွေ့ဆုံခွင့်မရသေး ကြောင်း သိရသည်။

တောင်ငူထောင်တွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုမူ ၎င်း၏ ဇနီး ဒေါ်ချိုချိုက အောက်တိုဘာလ ၂၈ ရက်၊ စနေနေ့က တွေ့ဆုံခွင့်ရခဲ့ပြီး ကျန်းမာရေးကောင်းမွန်သည်ဟု သိရကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

“သိသလောက်တော့ တယောက်ပဲတွေ့ခွင့်ပေးမယ်လို့ ထင်တယ်။ ကျန်တဲ့လူတွေတောင်မှ အများကြီး တွေ့ခွင့်မပေးတာကို။ အချိန်က တနာရီနဲ့တူတယ်။ အဲ့ဒီလောက်ပဲသိတယ်။ ကျန်တဲ့ဟာတော့မသိဘူး”ဟု ဆိုသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုလည်း စစ်ကောင်စီက အမှုပေါင်းရှစ်မှုဖြင့်စွပ်စွဲခဲ့ပြီး ပြစ်ဒဏ်အချို့ ပြန် လျှောပေါ့ပေးကာ လက်ရှိတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ထားသည်။

စာတည်း။ ။စောဖေ

#နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

#ဒေါ်အောင်ဆန်းစုကြည်

#သမ္မတ

#ဦးဝင်းမြင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required