စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ် ရှိ စစ်ကောင်စီတပ်စွဲထားရာနေရာများကို ကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးလိုက်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ကောလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အထက ( ၁ ) အထက်တန်းကျောင်းနှင့် ကောလင်းမြို့မြောက်ဘက်အထွက်ရှိ မြို့မရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး မြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားဦးရေ ၇၀ ကျော်ကို လွှတ်ပေးလိုက်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။ ထိုအရေအတွက်ကို မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာနေရာများကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နိုဝင်ဘာလ ၃ ရက် မနက်အစောပိုင်းက စတင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်သူအချို့မြို့ထဲတွင် ပိတ်မိနေကြောင်း သိရသည်။
မနက်ပိုင်းတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် တိုက်ပွဲများငြိမ်သက်သွားသည့်အတွက် ပိတ်မိနေသည့် ပြည်သူများကိုကယ်ထုတ်ပေးနေရကြောင်း Kawlin Revolution အဖွဲ့က တာဝန်ရှိသူက ပြောသည်။
“ ကျတော်တို့ ဒီဘက်က စစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေရတယ်” ဟု နေ့လယ် ၁နာရီ ၅၀မိနစ် အချိန်တွင် ပြောသည်။
ကောလင်းမြို့အတွင်းမှာ စစ်ရှောင်လာသည့် ပြည်သူများကို လည်း ကောလင်းမြို့ နယ် ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းကာ ကူညီဆောင်ရွက်ပေးနေကြောင်းကိုလည်း KR အဖွဲ့ က အသိပေးထားသည်။
“ ရဲစခန်း နဲ့ အထက (၁) အထက်တန်းကျောင်းနေရာတွေကိုတော့ ကာကွယ်ရေးတပ်ဖွဲ့ တွေ သိမ်းပိုက်ထားနိုင်တယ်လို့တော့ သိရတယ်။ ပြင်ဦးလွင်ရပ်ကွက်ထဲ မှာ ပြည်သူတချို့ ပိတ်မိနေတာတွေလည်း ရှိတယ်” ဟုဒေသခံတဦးက ပြောသည်။
တိုက်ပွဲ ဖြစ်ပွားသည့် မနက် ၈နာရီ ကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ မှ ဂျက်ဖိုက်တာဖြင့် လာ ရောက်ပစ်ခတ်ခဲ့ပြီး ထိခိုက်မှု အခြေအနေများကို မသိရှိသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦး က ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်ဆီးမှုများနှင့် ထိခိုက်ဒဏ်ရာရသူ ဦးရေ ကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။
ကောလင်းမြို့ ပေါ် နေ ပြည်သူများအနေဖြင့်လည်း တိုက်ပွဲသတင်းများကို နားစွင့်ထားကြပြီးလိုအပ်ပါ က အမြန်တိမ်းရှောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားဖို့အတွက်ကိုလည်း တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး