မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှု မန္တလေးတွင် ရှုတ်ချ ကန့်ကွက်ဆန္ဒပြ

By 008 (နဇ္ဈိမ)
14 October 2023
မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှု မန္တလေးတွင် ရှုတ်ချ ကန့်ကွက်ဆန္ဒပြ
ဓါတ်ပုံ-မန္တလေးသပိတ်အင်အားစု

မန္တလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ နေရာအနှံ့စစ်ဆေးမှုများပြုလုပ်နေသည့်ကြားက အောက်တိုဘာ ၁၄ရက်၊ နံနက်ပိုင်း၌ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုကို ရှုတ်ချ ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို မန္တလေးသပိတ်အင်အားစုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၉ရက်၊ ညပိုင်းက တိုက်ခိုက်ခံရမှုတွင် ကလေးငယ် ၁၃ဦးနှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၂၉ဦးထက် မနည်းသေဆုံးခဲ့ကာ စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်နေမှုကို ကန့်ကွက်ကြောင်း ယခုလို ဆန္ဒပြခြင်းဖြစ်သည်။

"ကျွန်တော်တို့ မန္တလေး သပိတ်အင်အားစုအနေနဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို အပြင်းအထန်စွာ ကန့်ကွက် ရှုတ်ချပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေရုံသာမက တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ ကလေးသူငယ်တွေကိုပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်နေမှုဟာ အောက်တိုဘာ လဝက် စာရင်းတွေအရ ၄၇၂ဦးခန့်ရှိနေပါတယ်။"ဟု မန္တလေးသပိတ်အင်အားစု ဦးဆောင်သူတစ်ဦးကပြောသည်။

"Stop Killing Our Children"စာတန်းပါ ဗီနိုင်းချိတ်ဆွဲခြင်း၊"ငါတို့ကလေးတွေကို စစ်ရဟတ်ယာဥ်တွေသုံးပြီး သတ်နေတယ်။ ခင်ဗျားတို့ ရပ်ကြည့်နေမှာလား" ဟု စာသားပါ ပိုစတာများကပ်ခြင်းနှင့်"ကလေးပါမကျန် သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူအားနဲ့အမြစ်ဖြတ်၊ အချိန်ကြာလို့ အေးသွားမယ့်သွေးကို ကြယ်ကြွေညတွေ ပြန်တွေး နွှေးပါ၊ တစ်ကြိမ်တစ်ခါလောက်ပဲ ရဲရင့်ပေးကြပါ၊ ဒီတော်လှန်ရေး မုချအောင်မြင်ရမှာ ဧကံမလွဲပါ၊ အကြောက်တရားကိုရိုက်သွင်းလေ တော်လှန်ချင်စိတ်က ပိုပြင်းထန်လေပဲ"ဟု ရေးသားထားသည့် စာရွက်များလည်း ကြဲဖြန့် ဆန္ဒပြခဲ့ကြောင်းသိရသည်။

ကလေးသူငယ်ဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် လက်ရှိစစ်ဘေးဒဏ်ကြောင့် ချို့ယွင်းလျှက်ရှိသည့် ကလေးသူငယ် အခွင့်အရေးများကို အလေးထားကာ အကူအညီများ ပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုသည်ဟု မန္တလေး သပိတ်အင်အားစုအဖွဲ့က ဆိုသည်။

ဆန္ဒပြထားသည့် နေရာသို့ ယနေ့ နံနက် ၁၀နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ ရောက်လာပြီး ဗီနိုင်းနှင့်ကပ်ထားသည့် ပိုစတာများကို သိမ်းဆည်းကာ အနီးပတ်ကျင်၌ ရှိနေသူများကို စစ်ဆေး မေးမြန်းမှုများပြုလုပ်သွားကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကလေးသူငယ်
#မန္တလေးမြို့
#သပိတ်အင်အားစု
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required