ဟင်္သာတခရိုင်၌ ၂လအတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၃၀ ဦးခန့်သေဆုံးဟုဆို

By မင်းထက် (မဇ္ဈိမ)
11 October 2023
ဟင်္သာတခရိုင်၌ ၂လအတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၃၀ ဦးခန့်သေဆုံးဟုဆို
ဓာတ်ပုံ - စစ်ကောင်စီတပ်ထံမှ သိမ်းယူခဲ့သည့် လက်နက်ခဲယမ်းအချို့

ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်အတွင်း ဇူလိုင်နှင့်ဩဂုတ်လ၌ တိုက်ပွဲရှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင် အမှတ်(၁)တပ်ရင်းကသတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ညနေမှ သြဂုတ်လအတွင်းတိုက်ပွဲ အခြေအနေကို ယနေ့အောက်တိုဘာလ ၁၁ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ရခိုင်ရိုးမနှင့်ထိစပ်နေသည့် ကြံခင်းမြို့နယ်အနောက်ဘက်တောများအတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက‌ ပြောသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့သည့်အပြင် ဒုတပ်ရင်းမှူးတဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်အမှတ်(၁)တပ်ရင်းကဆိုသည်။ထို့အပြင်MA -1 သေနတ်တလက်နှင့် ကျည်အချို့သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ ဒဏ်ရာရ ဒုတပ်ရင်းမှူးသည် လက်ပြတ်ပြီး မျက်လုံးလည်းထိသွားသည်ဟု ဒေသခံများကပြောသည်။

အဆိုပါတိုက်ပွဲများအတွင်း  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ  စစ်သုံးပစ္စည်း အချို့ဆုံးရှုံးမှုရှိခဲ့ပြီး တပ်ရင်းဒရုန်းအဖွဲ့ခေါင်းဆောင် ရဲဘော်ဇွဲမာန်၊ တပ်ခွဲ ၁ ၊ တပ်စု ၁ ၊ တပ်စိတ်(၂) တပ်စိတ်မှူး ရဲဘော် လင်းယုန်နှင့် တပ်ခွဲ ၃၊ တပ်စု ၁ ၊ တပ်စိတ် (၂) မိုင်းဆရာ ရဲဘော် အားသစ်တို့ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

"ဧရာဝတီတိုင်းရဲ့အခြေအနေဟာ ဧရာဝတီပြည်သူလူထုရဲ့ ပါဝင်မှုအပေါ်မှာ တိုက်ရိုက်အချိုးကျပါတယ်။ အခြားတိုင်းနဲ့ပြည်နယ်က ပြည်သူတွေကို စာနာနားလည်ပြီး တော်လှန် ရေးမှာ အခုထက်အားမြှင့်ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြဖို့ နှိုးဆော်ချင်ပါတယ်"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူကပြောသည်။

ထိုဖြစ်စဥ်များနှင့်ပါတ်သတ်၍  ဟင်္သာတခရိုင်အတွင်းရှိ ကြံခင်းနှင့်မြန်အောင်မြို့ နယ်မှ ဒေသခံများအားဆက်သွယ်မေးမြန်းရာ ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်းက ကြံခင်းနှင့် မြန်အောင်မြို့နယ်များအတွင်းရှိ ချောင်းငယ်များအတွင်း စစ်ကောင်စီတပ် ဖွဲ့ဝင်အချို့၏ အလောင်းများတွေ့ရှိခဲ့ကြောင်း၊ စစ်ကားများပေါ်သို့ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များအားတင်ဆောင်မောင်းနှင်သွားကြသည်ကို တွေ့ရှိခဲ့ရကြောင်း ပြောသည်။

"ရိုးမထဲမှာ ပစ်ခတ်သံတွေကြားရတဲ့အချိန်တွေတုန်းက သွေးတွေနဲ့ စစ်သားအလောင်းတွေကိုကားနဲ့တင်လာပြီး မြို့ပေါ်ကို ပြန်မောင်းသွားတာတွေရှိခဲ့ပါတယ်"ဟု မြန်အောင်မြို့မှ ဒေသခံတဦးကပြော သည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။လက်ရှိတွင် ကြံခင်း၊မြန်အောင်၊ အင်္ဂပူမြို့နယ်များရှိ ရိုးမနှင့်ထိစပ်နေသော တောတွင်း ဝင်ပေါက်ထွက်ပေါက်နေရာများတွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့်ဖြင့် ပိတ်ဆို့ထားပြီး သစ်ခုတ်ဝါးခုတ်လုပ်ကိုင်သူများကို တောအုပ်များအတွင်းမဝင်ရန်  တားမြစ်ထားကြောင်း ဒေသခံများက‌‌ပြောသည်။

ယင်းပြင် ရိုးမအနီး ကျေးရွာများမှ ဒေသခံများအား စစ်ကောင်စီတပ်ဖွဲ့က မကြာခဏဖမ်းဆီးခြင်း၊ရိက္ခာတောင်းယူခြင်းများပြုလုပ်နေသည့်အတွက် စိုးရိမ်နေကြရသည်ဟု ဒေသခံများကပြောသည်။

စာတည်း -အေးချမ်း
#mizzima
#ဧရာဝတီတိုင်း
#ဟင်္သာတခရိုင်
#တိုက်ပွဲရှစ်ကြိမ်ဖြစ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required