စစ်ကောင်စီက ၂နှစ်ကျော်အတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၂၂ကြိမ်ကျူးလွန်၊ ပြည်သူ ၅၉၀ဦး သေဆုံးဟု NLD ထုတ်ပြန် 

By မောင်ခက်နွေ (မဇ္ဈိမ) 
11 October 2023
စစ်ကောင်စီက ၂နှစ်ကျော်အတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၂၂ကြိမ်ကျူးလွန်၊ ပြည်သူ ၅၉၀ဦး သေဆုံးဟု NLD ထုတ်ပြန် 
၂၀၂၃ ခုနစ် မေလက ညောင်လေးပင်ခရိုင် ညောင်ပင်သာရွာမှ ဒေသခံပြည်သူ ၂၀ဦးကို စစ်ကောင်စီတပ်က အစုလိုက်၊အပြုံလိုက် မီးရှိုသတ်ဖြတ်ပြီးနောက် တွေ့ရစဥ်။ (ဓာတ်ပုံ - ထန်းတပင် PDF)

နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီက လူထုအားအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ၂၂ ကြိမ်တွင်  ပြည်သူ ၅၉၀ ဦး  သေဆုံးခဲ့ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ အောက်တိုဘာလ ၁၁ရက်တွင် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့မှ ယခု ၂၀၂၃ ခုနှစ် အောက်တို ဘာ ၉ရက်နေ့အထိ   နိုင်ငံတဝန်းရှိ အရပ်သားပြည်သူများအား  အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု (၁၀) ဦး နှင့်အထက်ဖြစ်စဥ် ၂၂ ခု စာရင်းကိုNLD က ထုတ်ပြန်ခြင်းဖြစ်သည်။

အထက်ပါတိုက်ခိုက်မှု ၂၂ ကြိမ်တွင် အရပ်သားပြည်သူ ၅၉၀ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တကြိမ်တည်း တိုက်ခိုက်မှု၌ အများဆုံး သေဆုံးမှုမှာ ယခုနှစ် ဧပြီလ ၁၁ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ပဇီကြီးရွာအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၆၈ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်ဖြစ်သည်။

အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရမှုများတွင် စစ်ကိုင်းတိုင်းကအများဆုံးဖြစ်ပြီး မကွေးတိုင်း၊  ပဲခူးတိုင်း၊ ကရင်နီပြည် ၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့ပါဝင်သည်။

ပထမဆုံးအက်ြိမ်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ရက်နေ့တွင်  မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားရွာမှ ဒေသခံပြည်သူ ၂၀ ဦး သတ်ဖြတ်ခံရမှုဖြစ်သည်။ လတ်တလောအချိန်အထိ နောက်ဆုံးဖြစ်စဉ်မှာ  ယခု ၂၀၂၃ ခုနှစ် အောက်တို ဘာ ၉ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမူဖြစ်ပြီး ၂၈ ဦး သေဆုံးခဲ့သည်ဟု NLD က ထုတ်ပြန်ထားသည်။

အထက်ပါ အကြမ်းဖက်လုပ်ရပ်များအတွက် စစ်ကောင်စီအား တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိရေးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် မြန်မာပြည်သူများအတွက် တရား မျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရန်  ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ပိုမိုထိရောက်စွာကူညီပံ့ပိုးပေးရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

စာတည်း - အေးချမ်း
#mizzima
#စစ်ကောင်စီ
#အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
#NLDထုတ်ပြန်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required