လှည်းကူးတွင် ရေပြန်မကျသေး၊ သောက်သုံးရေနှင့် စားသောက်ကုန်အကူအညီလိုဟုဆို

By ရောင်နီ (မဇ္ဈိမ)
11 October 2023
လှည်းကူးတွင် ရေပြန်မကျသေး၊ သောက်သုံးရေနှင့် စားသောက်ကုန်အကူအညီလိုဟုဆို
ပုံအညွှန်း - လှည်းကူးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းများသို့ ရွေ့ပြောင်းပေးနေကြစဉ်။ ( ပုံ - Myanmar Red Cross Society)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအထိ ရေကြီးနစ်မြုပ်မှု ဆက်လက်ဖြစ်ပေါ်နေပြီး ကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေရဆဲ ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပြောသည်။  

“ လှည်းကူးမှာက ရေကြီးနေတုန်းပဲ။ ပဲခူးမှာတော့ ရေကျပေမယ့် လှည်းကူးမှာ ရေကတန့်နေတယ်” ဟု လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာ၀န်ရှိသူတဦးက ယနေ့ အောက်တိုဘာလ ၁၁ရက် မွန်းလွဲပိုင်းတွင် ပြောသည်။ 

မိုးသည်းထန်စွာရွာသွန်းပြီး ငမိုးရိပ်ချောင်းရေမြင့်တက်မှုကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် အောက်တိုဘာလ  ၇ ရက်နေ့မှ စ၍ နေအိမ်များအတွင်း  ရေဝင်ခဲ့ခြင်း ဖြစ်သည်။ 

“ ဒီနေ့မနက်အထိလည်း ရေဘေးကြုံနေရသူတွေထဲက ရွေ့ပြောင်းချင်တဲ့သူတွေကို ရွေ့ပြောင်းပေးထားတယ်။ တချို့တွေကလည်း နေလို့ရတော့ ပေကပ်ပြီး နေကြတယ်။ သူတို့တွေကိုတော့ အလှုရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ ထမင်းထုပ်တွေ ပို့ပေးနေပါတယ်" ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးကပြောသည်။ 

လှည်းကူးမြို့နယ်တွင် ယနေ့အထိ ရေဘေးသင့်ပြည်သူ ၄,၀၀၀ ကျော်အထိရှိနေပြီး ယာယီကယ်ဆယ်ရေးစခန်း ခုနှစ်ခု ထက်မနည်း ဖွင့်လှစ်ထားရသည်။ထို့အပြင်ကျေးရွာအချို့၌  ရေကြီးနစ်မြုပ်မှုကြောင့် သောက်သုံးရေအခက်အခဲ ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာ အကူအညီများလည်း  လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။  

ရေဘေးကြုံတွေ့နေရစဉ်  ယနေ့ နံနက် ၁၂ နာရီ ၂၃ မိနစ်ခန့်၌ တိုက်ကြီးမြို့ကို ဗဟိုပြု လှုပ်ရှားခဲ့သည့် ရစ်(ခ်)တာစကေး ၄ အဆင့်ငလျင်ကို လှည်းကူးမြို့၌လည်း  သိသိသာသာခံစားလိုက်သည်။ထိုငလျင်ကြောင့်  တိုက်ကြီးနှင့် လှည်းကူးမြို့နယ်နေ ပြည်သူများ  စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။ 

 “ငလျင်လှုပ်တာ သိလိုက်တယ်။  လန့်လည်း လန့်သွားတယ်။ ကျွန်တော်တို့ဘက်မှာ ဆည်တွေဘာတွေလည်း ရှိတော့လေ။ရေကြီးနေတဲ့အချိန် ငလျင်လှုပ်တာဆိုတော့ ဆည်ဘောင်တွေ ဘာတွေ ပွင့်ထွက်သွားမှာ စိုးရိမ်ရပါတယ်” လှည်းကူးဒေသခံတဦးက ပြောသည်။ 

လှည်းကူးမြို့အနီး၌ ငမိုးရိပ်ဆည်ရှိပြီး ယင်းဆည်သည် ရေသိုလှောင်နိုင်သည့်ပမာဏထက်များနေသည်ဟု ဒေသခံများကပြောသည်။

ယခုလ အောက်တိုဘာလဆန်းပိုင်းမှ စတင်ပြီး ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတွင်  မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြို့အချို့ ရေကြီးရေလျှံမှုဘေး ကြုံတွေ့နေသည်။ လက်ရှိအချိန်၌ ပဲခူးမြို့တွင် မြို့ပေါ်ရပ်ကွက်အချို့  ရေအနည်းငယ်ပြန်လည်ကျသွားပြီဖြစ်သဖြင့် ရေဘေးသင့်ပြည်သူအချို့  နေအိမ်သို့ ပြန်နေကြပြီ ဖြစ်သည်။

စာတည်း - အေးချမ်း
#mizzima
#လှည်းကူးမြို့
#ရေကြီးနစ်မြုပ်မှု 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required