ပဲခူးရေဘေးနှင့် ဒေသတွင်း လမ်းပန်းဆက်သွယ် ရေး လတ်တလော အခြေအနေ

By ရောင်နီ (မဇ္ဈိမ)
09 October 2023
ပဲခူးရေဘေးနှင့် ဒေသတွင်း လမ်းပန်းဆက်သွယ် ရေး လတ်တလော အခြေအနေ
ပုံအညွှန်း -ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၄၅မိုင်၂ဖာလုံတွင် ယမန်နေ့က ပြိုကျခဲ့သည့်တံတားကို ပြန်လည်ပြင်ဆင်မှုပြုလုပ်နေစဥ်။ (ပုံ - လူမှုကွန်ယက်)

ပဲခူး - မော်လမြိုင်လမ်းမှ ပဲခူးမြို့အနီး ၃၉ မိုင်တိုးဂိတ်အနီးလမ်းပိုင်းတွင် ရေလျှံနေဆဲဖြစ်ပြီး မော်တော်ယာဥ်များ ဖြတ်သန်းသွားလာရန် အဆင်မပြေနိုင်သေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ပဲခူးမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့က မိုးရွာသွန်းမှုစံချိန်တင်ခဲ့ပြီးနောက် နေရာအများစုတွင် ရေကြီးရေလျှံမှု ရင်ဆိုင်နေရသည်။ ပဲခူး - မော်လမြိုင်လမ်းမှ ပဲခူးမြို့အနီးလမ်းပိုင်းနေရာများ၌ ကားလမ်းပေါ်ရေလျှံနေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြုံနေသည်ဟုဒေသခံများနှင့်ခရီးသွားများကပြောသည်

“ တိုးဂိတ်မှာ ဒီနေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်အထိ ရေမကျသေးဘူး။ ရေက ပေါင်လောက်ထိ ရှိတယ်။ ဘောနက်ကြီးရွာမှာဆိုရင်လည်း ရွာထိပ်မှာ ပေါင်လောက်ရှိတယ်” ဟု ဒေသခံတဦးက ယနေ့ အောက်တိုဘာလ ၉ရက် နံနက်တွင် ပြောသည်။

ယနေ့ နံနက်တွင် ၃၉ မိုင်တိုးဂိတ်အနီး လမ်းမပေါ် ရေလျှံမှုကို မသိဘဲ မောင်းနှင်လာသည့် မော်တော်ယာဥ်ငယ်အချို့ လမ်းခုလတ်တွင် ပိတ်မိနေသလို ရေဝင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ ရေကြီးတာကို သတိမထားမိပဲ မောင်းလာတဲ့ ကားတွေနဲ့ နောက်ကြောင်းပြန်လှည့်ဖို့ ဝေးတဲ့ကားတွေက ဒီအတိုင်းပဲ ဖြတ်နေကြတယ်။ ဖြတ်ရင်း ကားပျက်သွားတာတွေကြောင့် အနီးနားက ဒေသခံတွေက ဝိုင်းပြီးတွန်းပေးရတာမျိုးရှိတယ်။ ကားလေးဆို ပိုဆိုးတယ်။ Express ကားတွေဆို ဖြည်းဖြည်းထိန်းမောင်းရင် ရနိုင်ပေမယ့် ကားလေးဆို ပျက်နိုင်တဲ့အတွက် အဆင်မပြေဘူး” ဟု ဒေသခံတဥိးကပြောသည်။

လက်ရှိအချိန်တွင် အမြန်လမ်းမှ တဆင့် ဘုရားကြီးဂိတ်ကို ဖြတ်ကာ မော်လမြိုင်မြို့သို့ သွားရောက်မည့် ကားများအနေဖြင့် ၃၉ မိုင်တိုးဂိတ်ကို ဖြတ်သန်းရန် အဆင်မပြေသေးသည့်အတွက် လာရောက်ခြင်းမပြုကြရန်လည်း ဘုရားကြီးဒေသခံတဦးက အသိပေးထားသည်။ မော်လမြိုင်သို့ သွားရောက်ရမည့် မော်တော်ယာဥ်များအနေဖြင့် အမြန်လမ်း ၇၂ မိုင်မှတဆင့် ဒိုက်ဦးမြို့ကို ဖြတ်သန်းကာ သွားရောက်၍ရနိုင်ကြောင်းလည်း ၄င်းက ဆက်ပြောသည်။

ယမန်နေ့က ရေကြီးနစ်မြုပ်မှုတွင် အမြန်လမ်းမကြီးပေါ်ရှိ ရန်ကုန်ဘက်မှ အထွက် မိုင်တိုင် ၄၅ မိုင် ၂ ဖာလုံမှ တံတားသည် အနည်းငယ်ပြိုကျပျက်စီးခဲ့သည်။အဆိုပါ တံတားကို ယနေ့ နံနက်တွင် ပြန်လည်ပြုပြင်နေသည်ကို တွေ့ရကြောင်းရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ဖြတ်သန်းသွားလာခဲ့သည့် ခရီးသည်တဦးက ပြောသည်။

“ အမြန်လမ်းတောက်လျောက် သွားမယ်ဆို အဆင်ပြေတယ်။ ၄၅ မိုင်မှာတချက် ရန်ကုန်က ထွက်လာတဲ့ ဘက်မှာ တံတားလေး ပြိုနေတာ ရှိတယ်။ လက်ရှိမှာ ပြန်ပြင်နေပြီ။ အဲ့နားလေး တချက် ထိန်းမောင်းရင် အမြန်လမ်းက သွားလို့ရပါတယ်” ဟုဆိုသည်။

ပဲခူးမြို့ရှောင်လမ်းတွင်လည်း ယမန်နေ့ အောက်တိုဘာ ၈ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ကုက္ကိုတန်းအနီး ပြွန်ပေါက် ၉/၈ တွင် ရေတိုက်စားမှုကြောင့် မြေသားပဲ့ကျခဲ့သည်။

ယနေ့ အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းအထိလည်း ပဲခူးမြို့တွင် မြစ်ရေ၊ ချောင်းရေများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ မြို့ပေါ်ရပ်ကွက်များ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပဲခူးမြို့ကို ဖြတ်ကျော်ကာ ကားလမ်း၊ ရထားလမ်းများသွားလာ၍မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေကြောင်း ဒေသခံများက ယနေ့နံနက်ပိုင်းတွင် မဇ္စျိမကို ပြောကြားထားသည်။

လက်ရှိတွင် ရေကြီး ရေလျှံမှုများကြောင့် ပဲခူးမြို့ပေါ်၌ ရေဘေးကယ်ဆယ်ရေးစခန်း ၂၉ ခုအထိ ဖွင့်လှစ်ထားပြီး ဒေသခံ ၁၀,၀၀၀ ကျော် ခိုလှုံနေကြရသည်။

ပဲခူးမြို့တွင် လက်ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေခြင်းမှာ ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်အထက် မြင့်တက်နေခြင်းနှင့် တချိန်တည်းတွင် နေရာကွက်မိုးရွာသွန်းမှုကြောင့် ဖြစ်သည်။ ပဲခူးမြစ်ရေသည် ယနေ့ အောက်တိုဘာ ၉ ရက်တိုင်းထွာချက်များအရ ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် ၄ ပေ ၂ လက်မတွင် တည်ရှိနေသည်။ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့ ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima

#ပဲခူးရေဘေး

#၃၉ မိုင်တိုးဂိတ်

#လမ်းပန်းဆက်သွယ်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required