ဖြည့်စွက်စာ ကော်လဂျင်ကို သန္ဓေတားဆေးဟုဆိုကာ သတင်းမှားဖြန့်

By JC(မဇ္ဈိမ)
07 October 2023
ဖြည့်စွက်စာ ကော်လဂျင်ကို သန္ဓေတားဆေးဟုဆိုကာ သတင်းမှားဖြန့်

ဖြည့်စွက်စာတမျိုးဖြစ်သည့် ကော်လဂျင်ကို သန္ဓေတားဆေးဟုဆိုကာ ရေးသားထားသည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

စစ်ကောင်စီထောက်ခံသည့် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်သည့် အသန်း(ICG)ချန်နယ်က အောက်တိုဘာ ၂ ရက်နေ့တွင် “လိင်ပစ္စည်း  တရားမဝင်လိင်ဆေးရောင်းတဲ့ ကုလားမွတ်တွေထုတ်ထား တဲ့တားဆေးတွေ ဈေးကွက်ထဲအရမ်းဝင်နေပြီးတော့ အသက်မပြည့်သေးသည့်ကလေးငယ်တွေ အိမ်က မသိအောင် တားဆေးတွေ ခိုးသောက်နေကြတယ်” (မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ မြန်မာအမျိုး သမီးများအား ရာသက်ပန် ကလေးမမွေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ချိနေကြောင်း ရုပ်သံဖိုင်တခုနှင့် အတူ ဖြန့်ဝေထားသည်။

ယင်းစာသားနှင့် အကြောင်းအရာကို အခြားတယ်လီဂရမ်ချန်နယ် ခြောက်ခုတွင် ပြန်လည်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၃,၀၀၀ ကျော်ရှိပြီး ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက ထိုအကြောင်းကိုစိစစ်ခဲ့ရာ အကြောင်းအရာလွဲမှားနေပြီး အမုန်းစကားဖြင့် သတင်းမှားဖြန့်ဝေထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

ရုပ်သံဖိုင်တွင် @pyaesonexlaing ဆိုသည့် TitTok အကောင့်မှ “ခိုးသောက်လို့မရတဲ့တားဆေး” စာသား ကို ပထမဆုံးဖော်ပြထားပြီး “Saiko” ကော်လဂျင်ကိုသောက်ပါက အသားအရေဖြူဝင်းလာသဖြင့် ခိုး သောက်၍မရကြောင်း အမွှန်းတင်ကာ ပစ္စည်းကောင်းကြောင်းဖော်ပြထားသည့် ရုပ်သံဖြစ်သည်။ ရုပ်သံ တွင်ပါဝင်သည့် “တားဆေး” ဆိုသော စကားလုံးသည် သန္ဓေတားဆေးကို ဆိုလိုခြင်းမဟုတ်ပေ။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူမှ “Saiko” ကော်လဂျင်ရောင်းချနေသည့် “Saikono Collagen By Myanmar” ပေ့ချ်အားမေးမြန်းခဲ့ရာတွင် ၎င်းတို့၏ ကော်လဂျင်သောက်သုံးမှုကြောင့် ကိုယ်ဝန်မရနိုင်ခြင်း မရှိကြောင်း၊ ကော်လဂျင်သောက်သုံးမှုကြောင့် ကိုယ်ဝန် ရရှိခြင်း၊ မရခြင်းနှင့် လုံးဝသက်ဆိုင်မှုမရှိသော် လည်း ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ မသုံးစွဲသင့်ကြောင်း အရောင်းဝန်ထမ်း အမျိုးသမီးတဦး ကပြောသည်။
“Saiko” ကော်လဂျင်သည် ထိုင်းနိုင်ငံမှထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်း၌လည်း FDA  အသိအမှတ်ပြု လက်မှတ် ရရှိပြီးပစ္စည်းဖြစ်ကြောင်း ဆိုသည်။

ကော်လဂျင်သောက်သုံးမှုကြောင့် ကိုယ်ဝန်ရနိုင်မှုကို တားဆီးခြင်း ရှိ၊ မရှိကို Google တွင် “Can collagen prevent you from getting pregnant?” စကားလုံးဖြင့်ရှာဖွေကြည့်ရာ ကော်လဂျင်သောက်သုံးမှု ကြောင့် ကိုယ်ဝန်ရရှိမှုကို တားဆီးနိုင်ခြင်းလုံးဝမရှိကြောင်း ဖော်ပြသည်။

ထို့ကြောင့် ဖြည့်စွက်စာကော်လဂျင်ကို သန္ဓေတားဆေးဟုဆိုကာ မြန်မာအမျိုးသမီးများအား ရည်ရွယ် ချက်ရှိရှိဖြင့် ကိုယ်ဝန်မဆောင်နိုင်ရန် ဈေးကွက်အတွင်း ရောင်းချနေသည်ဆိုခြင်းမှာ မှားယွင်းနေသည့် အကြောင်းအရာဖြင့် ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်ထားသည့် သတင်းမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required