AIDS ရောဂါကို တိုင်းရင်းဆေးနဲ့ပျောက်အောင် ကု၍မရပါ

By Zz(မဇ္ဈိမ)
07 October 2023
AIDS ရောဂါကို တိုင်းရင်းဆေးနဲ့ပျောက်အောင် ကု၍မရပါ

HIV ပိုးကြောင့်ဖြစ်ပွားသော ခုခံအားကျဆင်းသည့်ရောဂါ(AIDS)အား မြန်မာတိုင်းရင်းဆေးဖြင့် ပျောက်ကင်းအောင်ကုသနိုင်ပြီဆိုသော ဗီဒီယိုဖိုင် TitTok တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေ သည်။

သက်ထား(သက္ထား7)ဆိုသော TitTok အသုံးပြုသူ အမျိုးသမီးတဦးက စက်တင်ဘာ ၁၄ ရက်နေ့က “ HIV ကို ၁၀ ရက်အတွင်း တိုင်းရင်းဆေးနဲ့ကုပေးမှာပါ၊ အာမခံနဲ့ ကုပေးမှာပါ” ဟု ရေးသားကာ ဗီဒီယိုဖိုင်တခုကို ဖြန့်ဝေထားသည်။

ဗီဒီယိုဖိုင်တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမှ ဆရာတယောက်က လာရောက်ကု‌သပေးမှာဖြစ်ပြီး ကုသမည်ဆိုပါက မန္တလေးသို့လာရန်ပြောဆိုထားသလို ၁၀ ရက်အတွင်း သွေးစစ်လျင်  Negative ထွက် သည်အထိ ကုသပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အဆိုပါ TitTok အသုံးပြုသူက စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်း “ HIV ကို တိုင်းရင်းဆေးနဲ့ ပျောက် ကင်းအောင်ကုနိုင်ပြီ” ဆိုသော ဗီဒီယိုဖိုင်အား ဖြန့်ဝေထားသေးသည်။

ယင်းဗီဒီယိုဖိုင် နှစ်ခုလုံးအား ကြည့်ရှုသူ ၃၈၀,၀၀၀ ကျော်၊ ကြိုက်နှစ်သူ ၁၀,၀၀၀ ကျော်နှင့် မှတ်ချက်ပေး သူ ၄၀၀ ကျော်ရှိခဲ့သည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ HIV ရောဂါပိုးအား တိုင်းရင်းဆေးဖြင့် ကုသ၍ ရ၊ မရ အချက် အလက်စစ်ဆေးကြည့်ခဲ့သည်။

HIV ဆိုသည်မှာ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါပိုးဖြစ်ပြီး ပိုးရှိသူနှင့် အကာကွယ်မဲ့ ဆက်ဆံပါက ကူးစက်ပြီး ခုခံအားကျဆင်းသည့်ဝေဒနာ(AIDS)ကို ဖြစ်ပွားစေသည်။

ယခုအချိန်ထိ AIDS ရောဂါအား လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်သောဆေးမရှိသေးဘဲ ရောဂါပိုးကို ထိန်းပေးနိုင်သော ဆေးသာရှိသေးသည်။

၎င်းဆေးမှာ ART ဟုအမည်ရပြီး အဆိုပါဆေးသည် ယခုအခါ HIV ရောဂါပိုးအား ထိန်းချုပ်နိုင်ရုံတင်မက စစ်ဆေး၍မရတော့သည်အထိ ပိုးကောင်ရေ လျော့နည်းအောင် ပြုလုပ်ပေးနိုင်နေပြီဖြစ်ကြောင်း Hello Sayarwon ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြချက်အရ သိရသည်။  
လင့် - https://rb.gy/vsfa2

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အပြင် အခြားသော အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအဖွဲ့များသည် HIV နှင့်ပတ်သက်၍ ပျောက်ကင်းအောင်ကုသနိုင်မည့် ဆေးများအား ယနေ့အချိန်ထိ ဖော်ထုတ်နေကြဆဲ ဖြစ် သည်။

ပြီးခဲ့သည့် စက်တင်ဘာလက အမေရိကန်နှင့် တောင်အာဖရိကတို့၌ AIDS ရောဂါ ကာကွယ်ဆေး၏ လက် တွေ့စမ်းသပ်မှုအား စတင်ခဲ့ကြောင်း National Institutes of Health (NIH) ဝက်ဘ်ဆိုက်၏ဖော်ပြချက် အရ သိရသည်။
လင့်- https://rb.gy/y8cwa

ထို့ပြင် AIDS ရောဂါအား ကုသနိုင်မည့်ဆေးမှာ မဝေးတော့သော ဆယ်စုနှစ်တခုတွင်း ဖြစ်လာနိုင်ကြောင်း Financial Times သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြထားသည်။
လင့် - https://rb.gy/4iveh

မိမိကျန်းမာရေးနှင့်ပတ်သက်၍ ဖုန်းဖြင့်ဆွေးနွေးတိုင်ပင်နိုင်သည့် ဝန်ဆောင်မှုဖြစ်သော “7887” သို့ မဇ္ဈိမ က ဆက်သွယ်မေးမြန်းခဲ့ရာ “ ဆေးပညာရပ်တွင် AIDS ရောဂါအား ပျောက်ကင်းအောင် ကုသနိုင်သော ဆေး ယနေ့ချိန်ထိ မရှိသေးကြောင်း၊ ရောဂါပိုးအားထိန်းပေးနိုင်သည့် ART ဆေးသာရှိ‌ပြီး တိုင်းရင်းဆေး ဖြင့် ပျောက်ကင်းအောင် ကုသပေးနိုင်သည်ဆိုသည်မှာ မဟုတ်မမှန်ကြောင်း” ဆရာဝန်တဦးက ပြန်လည် ဖြေဆိုသည်။

ထို့ကြောင့် HIV ရောဂါပိုးအား တိုင်းရင်းဆေးဖြင့် ပျောက်ကင်းအောင်ကုသနိုင်သည်ဆိုသော သတင်းမှာ သတင်းအမှားဖြစ်ပြီး မိမိမှာ HIV ပိုး ကူးစက်ခံရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့် အခမဲ့ကျန်းမာရေး ဝန်ဆောင်မှုပေးသောနေရာများသို့ သွားရောက်၍ ကုသမှုခံယူသင့်ကြောင်း အကြံပြုအပ်သည်။

ထိုသို့ ကုသမှုမခံယူဘဲ ယခုကဲ့သို့ ဗီဒီယိုဖိုင်များအားယုံကြည်ပြီး ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင် ခြင်း(သို့မဟုတ်) ၎င်းတို့ထံကုသမှုခံယူခြင်းများပြုလုပ်ပါက ‌ရောဂါအခြေအနေပိုဆိုးနိုင်ကြောင်း အသိပေး အပ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly