BIMSTEC အစည်းအဝေးသို့ စစ်ကောင်စီ ခေါင်းဆောင်ကို ထိုင်း ဖိတ်ကြား 

BIMSTEC အစည်းအဝေးသို့ စစ်ကောင်စီ ခေါင်းဆောင်ကို ထိုင်း ဖိတ်ကြား 

နိုဝင်ဘာ ၃၀ ရက်တွင် ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းအစိုးရက ဖိတ်ကြားထားကြောင်း သတင်းပေးရင်းမြစ်များကို ကိုးကားပြီး Thai PBS ၏ သတင်းဖော်ပြချက်အရ သိရသည်။ 

ကုန်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ငါးလုပ်ငန်း၊ လုံခြုံရေး၊ တန်ပြန်အကြမ်းဖက်မှု နှိမ်နင်းရေးနှင့် သဘာဝဘေး စီမံခန့်ခွဲရေးတို့တွင် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများကို ရည်ရွယ်သည့် ဒေသတွင်း အဖွဲ့အစည်းဖြစ်သော BIMSTEC ကို ထိုင်းနိုင်ငံက သဘာပတိအဖြစ် တာဝန်ယူထားသည်။ 

BIMSTEC ၏ နယ်ပယ်အတွင်း ပါဝင်သော နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာစသော တောင်အာရှနိုင်ငံများနှင့် မြန်မာနှင့် ထိုင်း အရှေ့တောင်အာရှနိုင်ငံများ ပါဝင်သည်။ 

ဘန်ကောက်တွင် ဇူလိုင်လအတွင်း အလွတ်သဘော တွေ့ဆုံမှု၌ အဖွဲ့ဝင်နိုင်ငံများသည် ဒီဂျစ်တယ် ငွေပေးချေမှု စနစ်နှင့် ကုန်သွယ်ရေး အပေးအယူ၊ ဆိုင်ဘာလုံခြုံရေးနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ တားဆီးကာကွယ်ရေးတို့၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စိုက်ပျိုးရေးနည်းပညာ၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၊ လူငယ်များကြား ကူးလူးဆက်ဆံရေးနှင့် သံတမန်ရေး လေ့ကျင့်သင်ကြားပေးရေး စသည်တို့နှင့် ဆက်စပ်သော အရေးကြီးသည့် ကိစ္စရပ်များကို လာမည့် ထိပ်သီးအစည်းအဝေး၌ ဆွေးနွေးကြရန် လုပ်ငန်းစဉ်အဖြစ် သဘောတူခဲ့ကြကြောင်း Thai PBS သတင်းအရ သိရသည်။ 

ထိုင်းနိုင်ငံ၏ တရားမဝင် မြန်မာစစ်ကောင်စီနှင့် “ဆက်ဆံနေခြင်း” သည် မြန်မာပြည်သူများကို သစ္စာဖောက်ရာ မြောက်ပြီး အာဆီယံ၏ စုစည်းညီညွတ်မှုကို စော်ကားရာ ရောက်ကြောင်း အရှေ့တောင်အာရှ လွှတ်တော်အမတ်များက ဇွန်လအတွင်း ပြောထားကြသည်။ 

မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် “အပြည့်အဝ ဆက်ဆံရေး” အတွက် ထိုင်းအစိုးရက အစည်းအဝေးတစ်ရပ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရည်ရွယ်ချက်သည် ၂၀၂၁ ဧပြီလက ချမှတ်ထားသည့် သဘောတူညီချက်ကို ဖောက်ဖျက်ခြင်း ဖြစ်ကြောင်း The Geopolitical Monitor သတင်းကလည်း တလတည်းတွင် သတင်းဖော်ပြခဲ့သည်။ 

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာစစ်ခေါင်းဆောင်ကို လက်ခံကြိုဆိုသည်မှာ ရုရှပြီးလျှင် ထိုင်းနိုင်ငံက ကမ္ဘာ၌ ဒုတိယမြောက် နိုင်ငံဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly