ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် အိမ်ကို ရောင်းချရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ အခြားနည်းဖြင့် အသုံးချရန် ကြိုးစားမှုများ ရှိသည်ကို အချက်အလက်ခိုင်မာစွာ ရရှိထားသည်ဟု NUG ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် အိမ်ကို ရောင်းချရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ အခြားနည်းဖြင့် အသုံးချရန် ကြိုးစားမှုများ ရှိသည်ကို အချက်အလက်ခိုင်မာစွာ ရရှိထားသည်ဟု NUG ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် အိမ်ကို ရောင်းချရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ အခြားနည်းဖြင့် အသုံးချရန် ကြိုးစားမှုများ ရှိသည်ကို အချက်အလက် ခိုင်မာစွာ ရရှိထားသည်ဟု NUG အစိုးရက ထုတ်ပြန်သည်။

 အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့်အမှတ်(၅၄-၅၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော ခြံဝန်းဧရိယာ (၁.၉၂၃)ဧကနှင့် ယင်းမြေပေါ်ရှိ မရွှေ့မပြောင်း နိုင်သည့် အဆောက်အအုံ အားလုံးအား ကြားကာလ အမျိုးသား အဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ‌ကြေညာထားသည်။

ထိုအမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန် ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း အခြားနည်းအသုံးချခြင်းတို့အား တင်းကျပ်စွာတားမြစ်ကြောင်း၊ ထိုတားမြစ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက ဆက်စပ်ဥပဒေများနှင့်အညီ အရေးယူ မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ် ပြန်ကြေညာခဲ့သည်ဟု NUG က ထုတ်ပြန်သည်။

ယခုအခါ ယင်းအမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း အချက်အလက် ခိုင်မာစွာ ရရှိထားပြီးဖြစ်သဖြင့် တားမြစ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက ဖောက်ဖျက်ရန် အားထုတ်သူနှင့်အတူ အကြံပြုသူ၊ ခွင့်ပြုသူ၊ ကူညီအားပေးသူ၊ ပြင် ဆင်သူစသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်အသီးသီးအား မြန်မာနိုင်ငံက ပါဝင် အတည်ပြုထားပြီးဖြစ် သည့် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များနှင့်စပ်လျဉ်းသော နိုင်ငံတကာကွန်ဗင်းရှင်းများ၊ အမွေ အနှစ်ဆိုင်ရာတည်ဆဲဥပဒေ များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် ဆက်စပ် ဥပဒေများ ဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း အလေးအနက် သတိပေးထုတ် ပြန်ကြေညာသည်ဟု NUG က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ယင်းအဆောက်အအုံအား ကျူးလွန်ဖောက်ဖျက်မှုများ မရှိစေရေးအတွက် အမျိုးသားညီညွတ် ရေးအစိုးရအဖွဲ့၊ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့၊ ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ ဥပဒေဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပရှိ တာဝန်သိပြည်သူများ၊ သတင်းမီဒီယာများ၊ အမွေအနှစ်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်ဟု NUG က ထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly