ကြာအင်းဆိပ်ကြီးမှ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော် ၂ ပတ်ကြာသည်အထိ နေရပ်မပြန်နိုင်သေး

By YT  ( မဇ္ဈိမ)
28 September 2023
ကြာအင်းဆိပ်ကြီးမှ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော် ၂ ပတ်ကြာသည်အထိ နေရပ်မပြန်နိုင်သေး
ပုံအညွှန်း - ကြာအင်းဆိပ်ကြီးမြို့အဝင်ဆိုင်းဘုတ် ( ဓါတ်ပုံ- လူမှုကွန်ယက်)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်- တံခွန်တိုင်ဒေသတွင်း ဝင်ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်း​သည် ကျေးရွာများအတွင်း ဆက်လက်ရှိနေဆဲဖြစ်၍ စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ ၁၅,၀၀၀ ကျော်သည် နှစ်ပတ်ကြာသည်အထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူနှင့် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

" စစ်ကြောင်းကတော့ ရွာတွေထဲမှာပဲ ရှိနေသေးတယ်၊ ပြန်မထွက်သေးဘူး။ လက်ရှိက စစ်ရေးက နည်းနည်းငြိမ်နေတယ်။ စစ်ဘေးရှောင်တွေလည်း တချို့ ပြန်တဲ့သူတွေကတော့ ရှိပါတယ်" ဟု တပ်မဟာ (၆) KNLA မြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ တိုက်ပွဲများနှင့် စစ်ကောင်စီတပ်​၏ အရပ်သားပစ်မှတ်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ခလယ်ကျေးရွာ၊ ခလယ်ရွာလေး၊ မြို့ဟောင်းကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပုလိန်ကျေးရွာ၊ တံခွန်တိုင်ရွာလေး၊ ငြိမ်းချမ်းမြိုင်၊ တံခွန်တိုင်ကုလားပိုင်း၊ နောင်ဒေ့ စသည့် ကျေးရွာများမှ ဒေသခံပြည်သူ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။ 

အဆိုပါ စစ်ဘေးရှောင်များသည် စစ်မဖြစ်သည့် ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ မိတ်ဆွေများ​၏ နေအိမ်များတွင် စုဝေးကာ စစ်ဘေးရှောင်ရပြီးနောက် နှစ်ပတ်အကြာတွင် ဒေသခံအချို့ နေရပ်တွင် ပြန်လည်နေထိုင်နေကြပြီဖြစ်သော်လည်း ကျေးရွာများအတွင်း စစ်ကောင်စီတပ်သားများ ဆက်လက်ရှိနေဆဲဖြစ်၍ အများစုမှာ ပြန်မလာကြသေးကြောင်း  သိရသည်။ 

ထို့ပြင် စစ်ကြောင်းထိုး စစ်ကောင်စီတပ်​သည် ခလယ်၊ တံခွန်တိုင်ဒေသရှိ ကျေးရွာများမှ ဒေသခံများ လက်ရှိနေထိုင်ခြင်းနေခြင်းမရှိသည့် နေအိမ်များအတွင်း ဝင်ရောက်ကာ ဒေသခံများ​၏ တန်ဖိုးကြီးပစ္စည်းများအား သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူတဦးထံက သိရသည်။

" စစ်ဘေးရှောင်တွေ ရွာထဲမှာ မရှိတော့တဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေက ရွာတွေထဲဝင်ပြီးတော့မှ အိမ်တွေလိုက်မွှေပြီးတော့ တချို့အိမ်တွေဆို သိန်း ရာနဲ့ချီပါသွားတဲ့ကိစ္စတွေက အများကြီးပဲ။ သူတို့ ၁၀ ဘီးကားနဲ့တောင် ကဲ့ကဲ့သယ်သွားတာ။ အဲ့ဒီစစ်ကောင်စီတပ်သားတွေက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ အိုးအိမ်စည်းစိမ်တွေကို ၁၀ ဘီးကားနဲ့ကို မ ပြီးတော့ သူတို့က ယူတာ" ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် ဒေသတွင်းမှ လူငယ်တဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် အိမ်မွေးတိရစ္ဆာန်များအား ပြန်ကြည့်ရန်၊ ရိက္ခာယူရန် နေရပ်သို့ ခေတ္တပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ခြင်းတို့ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ခလယ်ရွာ၊ ရပ်ကွက် (၂) ရှိ နေအိမ်သို့ ခေတ္တပြန်လာသည့် စစ်ဘေးရှောင် အမျိုးသားတဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီး၍ ခြေထောက်၊ လက်၊ လည်ပင်းတို့အား ကြိုးများဖြင့် တုပ်နှောင်ကာ ညှဉ်းပန်းနှိပ်စက် စစ်ဆေးခဲ့ပြီးနောက် ကြိုးဖြင့်ဆွဲ၍ လမ်းတနေရာတွင် ပစ်ထားသွားခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိ စစ်ဘေးရှောင်နေဆဲ ဒေသခံများအတွက် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များက တနိုင်တပိုင် ကူညီမှုများရှိသော်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိိုးအကာ အကူအညီများ  လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ခလယ်- တံခွန်တိုင်ဒေသမှ ဒေသခံများသည် ရာဘာလုပ်ငန်း၊ ကလောပီနံ၊ လယ်ယာ အဓိက စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည့် ဒေသဖြစ်ရာ စစ်ဘေးရှောင်ရသည့်အတွက် လုပ်ငန်းနှောင့်နှေးမှုများနှင့် လယ်ယာစိုက်ခင်းပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၂)၊ အမြောက်တပ် (၃၁၈)နှင့်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအင်အား ၁၀၀ ခန့်သည် တံခွန်တိုင်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ 

စစ်ကောင်စီတပ်က လေကြောင်းနှင့်လက်နက်ကြီး အသုံးပြုတ်ိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်မှ စစ်ကူအင်အား ၁၀၀ ကျော် ထပ်မံ ရောက်ရှိလာသဖြင့် ဒေသခံများ စတင် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။ 

စက်တင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ဘက်မှ  တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီး  တဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံး၍ ခုနစ်ဦး ထိခိုက်ဒဏ်ရာရကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း နဂါးနီစစ်ကြောင်း​၏ စက်တင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခလယ်ကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း နေအိမ် ၅၀ ကျော် ထိမှန်ပျက်စီးထားကာ ဒေသခံတဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly