ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် UEFA က ရုရှားလူငယ်အသင်းတွေကို ၎င်းရဲ့ပြိုင်ပွဲတွေမှာ ပြန်လည်ထည့်သွင်းခဲ့ပေမယ့် နိုင်ငံရဲ့ ဆီနီယာအသင်းတွေကို ပိတ်ပင်ထားတယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့မှာ ပြောပါတယ်။
ဆိုက်ပရပ်စ်မှာ ၎င်းရဲ့ အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးမှာ UEFA က “လူကြီးတွေအတွက်သာ တာဝန်ရှိတဲ့ လုပ်ရပ်တွေအတွက် ကလေးတွေကို အပြစ်ပေးအရေးယူခြင်း မပြုသင့်ပါဘူး"လို့ ပြောပါတယ်။
“ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် အရွယ်မရောက်သေးသူ မျိုးဆက်တဆက်ဟာ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားရတာ အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။"
အဆိုပါ ဆုံးဖြတ်ချက်ဟာ ရုရှား ယူ-၁၇ အသင်းတွေ ဖြစ်တဲ့ အမျိုးသား၊ အမျိုးသမီး အားလုံးကို ၎င်းရဲ့ ပြိုင်ပွဲတွေမှာ "အခုရာသီ... မဲခွဲပြီးသွားရင်တောင်" ပြိုင်ပွဲတွေဆီ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။
ဒါပမေယ့် ရုရှားအသင်းတွေဟာ ရုရှားပိုင်နက်မှာ ကစားနိုင်မှာမဟုတ်သလို နိုင်ငံအလံ၊ နိုင်ငံတော်သီချင်းနဲ့ နိုင်ငံအားကစားဝတ်စုံကိုလည်း ခွင့်ပြုမှာမဟုတ်ကြောင်း UEFA က ပြောပါတယ်။
၂၀၂၂ ဖေဖေါ်ဝါရီလမှာ ရုရှားက ယူကရိန်းကိုကျူးကျော်ပြီးနောက် ရုရှားအသင်းအားလုံးကို ၎င်းရဲ့ပြိုင်ပွဲတွေမှ ချက်ချင်း ဆိုင်းငံ့ဖို့ အဖွဲ့ချုပ်က လျင်မြန်စွာ လုပ်ဆောင်ခဲ့ပါတယ်။
"ရုရှားနိုင်ငံရှိ တခြားသော အသင်းတွေ (ကလပ်အသင်းများနဲ့ နိုင်ငံအသင်းများ) အားလုံးကို ဆိုင်းငံ့ထားမှုဟာ ယူကရိန်းပဋိပက္ခပြီးဆုံးသည်အထိ ဆက်လက်အသက်ဝင်နေပါလိမ့်မယ်"လို့ ၎င်းက ပြောပါတယ်။