ရေနက်ဆိပ်ကမ်းဇုန်အတွင်း စစ်ကောင်စီတပ်သားများတပ်စွဲထား၍ ရေဖြူစစ်ရှောင်များ နေရပ်မပြန်ရဲ

By ကိုရွှေမြိတ်(မဇ္ဈိမ)
19 September 2023
ရေနက်ဆိပ်ကမ်းဇုန်အတွင်း စစ်ကောင်စီတပ်သားများတပ်စွဲထား၍ ရေဖြူစစ်ရှောင်များ နေရပ်မပြန်ရဲ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ  ရေနက်ဆိပ်ကမ်းဇုန်အတွင်း စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့်အတွက် အနီးနားကျေးရွာများမှ စစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။

“ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ အထူးစီးပွားရေးဇုန်ရှိပြီး ရေနက်ဆိပ်ကမ်းဇုန်တွေမှာ စစ်ကောင်စီ တပ်သားတွေ တပ်စခန်းချထားတဲ့နေရာတွေက ရွာတွေနဲ့နီးလို့ အိမ်မပြန်ရဲကြတာ”ဟု ဒေါနတနင်္သာရီ အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ဩဂုတ်လတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာခြင်းကြောင့် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင်  စစ်ဘေးရှောင် ၃,၀၀၀ ခန့်မှာ နေရပ်မပြန်နိုင်သေး ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာအနီးတွင် ကာကွယ်ရေးတပ်ဖွဲ့များလည်း စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

နေရပ်ပြန်ရန် အခက်ခဲရှိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ လိုအပ်နေသည်ဟု ဒေါန တနင်္သာရီ - စစ်ဘေးရှောင် အထောက်အကူ ပြုရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

စာတည်း။      ။  ဖူးသိမ်ကျ
စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly