စစ်လက်နက်ပုံအဟောင်းများဖြင့် KIA ထံမှ သိမ်းဆည်းရမိသည်ဟု ထပ်ခါထပ်ခါ ဖြန့်ဝေနေသည့် သတင်းမှား

By ZZ(မဇ္ဈိမ)
17 September 2023
စစ်လက်နက်ပုံအဟောင်းများဖြင့် KIA ထံမှ သိမ်းဆည်းရမိသည်ဟု ထပ်ခါထပ်ခါ ဖြန့်ဝေနေသည့် သတင်းမှား

ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်တည်ရှိရာ လိုင်ဇာရှိ ကာကင်းကုန်း လက်နက်သို လှောင်ရုံမှ  KIA တံဆိပ်ပါလက်နက်များကို စစ်ကောင်စီတပ်မှဖမ်းမိသည်ဟူသောသတင်း ဖေ့စ်ဘုတ်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေပြီး သတင်းပါပုံများမှာ ပုံဟောင်းများသာဖြစ်သည်။

‘တောင်ပေါ်မြေကို ချစ်ရသူ’ ဖေ့စ်ဘုတ်မှ စက်တင်ဘာလ ၁၃ ရက်နေ့တွင် “Kia တံစိပ်ပါ လက်နက်အပါ ဝင် တရုတ်လက်နက်များအပါဝင် လှိုင်ဇာကာကင်းကုန်းရဲ့လက်နက်သိုလှောင်ခန်းမှရရှိ” (မူရင်းအရေး အသားအတိုင်း) ဟု ရေးသားကာ ဓာတ်ပုံခြောက်ပုံအသုံးပြု ဖြန့်ဝေထားသည်။

အဆိုပါပို့စ်အား ကြိုက်နှစ်သက်သူ ၆၀ ကျော်နှင့် ပြန်လည်မျှဝေသူ ၁၆၀ ထိရှိခဲ့သည်။ ထို့ပြင် ‘အဖိုးလေး’ အမည်ရှိ တယ်လီဂရမ်ချန်နယ်တွင်လည်း ပြန်လည်မျှဝေထားသည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများက ထိုပုံများကိုစစ်ဆေးခဲ့ရာ ပုံဟောင်းများဖြစ်ကြောင်းတွေ့ရပြီး အလားသတင်းတုမျိုးကို ၂၀၂၂ ခုနှစ်ကလည်း ဖြန့်ဝေခဲ့ကြောင်းတွေ့ရသည်။

လက်နက်များစီထားသည့်ပုံသည် ၂၀၂၁ ခုနှစ် မတ်လတွင် “ကမ်းရိုးတန်းသတင်း” အမည်ရှိ ဖေ့စ်ဘုတ်မှ “KNU တပ်စခန်းမှ လက်နက်အသစ်များ စုစည်းထားမှု” ဟု ရေးသားကာ ဖြန့်ဝေထားသည့် ပုံဖြစ်သည်။ လင့်- https://t.ly/vdjLg

ဒုတိယပုံကို ၂၀၂၀ ခုနှစ်က တရုတ်ဝက်ဘ်ဆိုက်တခုတွင် တရုတ်ဘာသာဖြင့် “မြန်မာနိုင်ငံက တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်တွေက ဘယ်ကလာတာလဲ” ဟုရေးသားထားသည့် သတင်းတွင် ဖော်ပြထားကြောင်း‌ တွေ့ရသည်။
လင့် - https://t.ly/FL0Gu

တတိယပုံဖြစ်သည့် လက်နက်အများစု မြေပြင်တွင်ပြန့်ကျဲနေသည့်ပုံသည် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် အာရပ်သတင်းဝက်ဘ်ဆိုဒ်တခုမှ တာလီဘန်များ အာဖဂန်နစ္စတန်တွင် သိမ်းပိုက်ရရှိခဲ့သည့်လက်နက် များအကြောင်း သတင်း၌ ပါဝင်သည့်ဓာတ်ပုံဖြစ်သည်။

အဆိုပါလက်နက်များမှာ အမေရိကန်နိုင်ငံကထောက်ပံ့ခဲ့သည့် လက်နက်များဖြစ်ကြောင်း ပြောထား သည်။ လင့်- https://t.ly/bnfXH

လက်နက်ကြီးနှင့် ဆက်စပ်ပစ္စည်းပုံများကိုမူ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင်ဖော်ပြခဲ့သည့် ပိုစ့်ကို အစော ဆုံးတွေ့ရသည်။
“Khin Zin Thet” အမည်ရှိ ဖေ့စ်ဘုတ်မှ “မင်းကင်း PDF စခန်းတခုကို တပ်မတော်က သိမ်းပိုက်ရရှိ” ဟု ဖော်ပြထားသည်။ လင့် - t.ly/uO2Y4

ထိုပုံများဖြင့်ပင် ပြီးခဲ့သော ၂၀၂၂ ခုနှစ်ကလည်း KIA ထံမှ သိမ်းဆည်းရမိသည်ဟုဆိုကာ သတင်းတုဖြန့် ဝေထားသည်။ ထိုအကြောင်းကို မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့ပြီးဖြစ်သည်။ လင့် - t.ly/3j7-1

ထို့ကြောင့် ယခုပျံ့နှံ့နေသည့် လိုင်ဇာရှိ ကာကင်းကုန်းလက်နက်သိုလှောင်ရုံမှ  KIA တံဆိပ်ပါ လက်နက်ပုံ များဆိုသည်မှာ ပုံအဟောင်းများသာဖြစ်သည်။ ထို့ပြင် အဆိုပါပုံများဖြင့် သတင်းတုကို ထပ်ခါထပ်ခါ ဖန် တီးဖြန့်ဝေထားခြင်းဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly