ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဒေသခံ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

By YT(မဇ္ဈိမ)
17 September 2023
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ရေးတင်းမာနေပြီး ဒေသခံ ၁၅,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

KNUတပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာသို့ စစ်ကောင်စီ တပ်စစ်ကြောင်းထိုးဝင်ရောက်လာရာမှ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ရေးအခြေအနေတင်းမာမှုတို့ကြောင့် ဒေသခံ ၁၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒူးပလာယာခရိုင်၏ထုတ်ပြန်ချက်နှင့် စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က တံခွန်တိုင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် တပ်မ(၄၄) လက်အောက်ခံ ခလရ(၂)၊ အမြောက်တပ် (၃၁၈)၊ ကရင်နယ်ခြားစောင့်တပ်(BGF) (၁၀၂၁)နှင့် BGF တပ် နယ်(၃)တို့ပါဝင်သော အင်အား ၁၀၀ ဝန်းကျင်ခန့်စစ်ကြောင်းနှင့် တပ်မဟာ(၆) ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“၁၄ ရက်နေ့က ထိတွေ့တိုက်ပွဲစဖြစ်တာပါ။ နဂါးနီစစ်ကြောင်းနဲ့ KNU ပူးပေါင်းအဖွဲ့တွေပါ ပါတယ်။ စကစဘက်မှာ မြေပြင်စစ်ကြောင်းရော လက်နက်ကြီးအကူရော နောက်ပြီး Mi35 တိုက်ခိုက်ရေးရဟတ် ယာဥ်ပါသုံးတယ်။ မနေ့ကတော့ စကစဘက်က လက်နက်ကြီးနဲ့ခြောက်ပစ် ပစ်တာမျိုးတော့ကြားမိ တယ်။ ဒီနေ့တော့ ပစ်ခတ်တာမရှိဘူး တိုက်ပွဲအခြေနေ ငြိမ်နေတယ်” ဟု တပ်မဟာ(၆) KNLA သတင်း ရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Mi35 ရဟတ်ယာဉ်တစင်းဖြင့် လေကြောင်းမှတိုက်ခိုက်ခြင်း၊ အမြောက်တပ်(၃၁၈)မှ ၁၂၂ မမ အမျိုးအစားလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများကြောင့် ကျေးရွာ စာသင်ကျောင်းနှင့် ဒေသခံများ၏နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း ဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် BGF မှ အထိအခိုက်၊ အကျအဆုံးများအားအတည်ပြုနေဆဲဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင် နဂါးနီစစ်ကြောင်းမှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၅ ရက်နေ့တွင် BGF တပ်နယ်(၃)မှ စစ်အင်အား ၁၀၀ ခန့် ထပ်မံတိုးချဲ့ထားပြီး လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။

စစ်ကောင်စီတပ်၏ ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုတို့ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ ပြီး KNU ၏ စက်တင်ဘာလ ၁၄ ရက်နေ့ စာရင်းပြုစုချက်အရ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ရဟတ်ယာဥ်နဲ့တိုက်ခိုက်မှုကြောင့် နေအိမ်တချို့ ပျက်စီးဆုံးရှုံးတာရှိသလို စစ်ဘေးရှောင်ရတဲ့ ပြည်သူ အများအပြားရှိပါတယ်။ ခလယ်တံခွန်တိုင်အနီးနားရွာတွေပါ ပါတယ်ဗျ” ဟု KNLA သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
စစ်ရေးတင်းမာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာများမှာ ခလယ်တံခွန်တိုင်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဘုရားငါးဆူ၊  ခလယ်ရွာလေး၊ ခလယ်ရွာကြီး၊ နောင်းဒေ့၊ မြို့ဟောင်း၊ ပုလိန်ကျေးရွာ များအပါအဝင် အနီးအနားကျေးရွာများဖြစ်ကြောင်း KNLA သတင်းရင်းမြစ်ထံက သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် လက်ရှိတွင် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly