တောင်ငူရှိ ဆိတ်ဖူးတောင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၁၅ ဦး သေဆုံးကြောင်း PDF ပြော

By ရွှေနွယ်( မဇ္ဈိမ )
11 September 2023
တောင်ငူရှိ ဆိတ်ဖူးတောင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၁၅ ဦး သေဆုံးကြောင်း PDF ပြော
ဓာတ်ပုံ- ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဆိတ်ဖူးတောင်တပ်စခန်းအား နယ်မြေခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးသွားကြောင်း ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ ဆိတ်ဖူးတောင် တပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် အထိုင်ချထားသော နယ်မြေခံကင်းစခန်းတခုဖြစ်ပြီး စီးနင်းချိန် တွင် မိနစ် ၃၀ ကြာ နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ကပြောသည်။

“စခန်းသိမ်းတဲ့အထိ မရောက်ခဲ့ဘူး။ အထဲမှာ နှစ်ယောက်ကျန်နေတာ၊ အဲဒီနှစ်ယောက်က ကတုတ်ကျင်း ထဲကနေ ငါးကြင်းမြီးနဲ့ပြန်ထောက်တော့ စခန်းကိုမသိမ်းနိုင်လိုက်ဘူး” ဟု နယ်မြေခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိသွားကာ ခဲယမ်း အခြေအနေအရ ပြန်လည်ဆုတ်ခွာလာရ၍ စခန်းမသိမ်းနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“၁၅ ဦးသေတယ်၊ သေတဲ့အထဲမှာ တပ်ကြပ်ကြီးအဆင့်တွေပါတယ်၊ အရာရှိအဆင့်တော့ မပါဘူး။ ဖရဲသီး (စစ်ကောင်စီတပ်တွင်းသတင်းပေး) သတင်းပေးအရ သိရပါတယ်။ ကျန်ငါးဦးမှာ သုံးဦးဒဏ်ရာရတယ်၊ နှစ်ဦးကတော့ ဆက်တိုက်ဦးတည် ပစ်နေတာပေါ့” ဟု နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ မှ ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) နှင့် (၃၅၀၂) တို့မှ တပ်ဖွဲ့ ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှလည်း နှစ်ဦး လက်မောင်းကို ကျည်ထိမှန် ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆိတ်ဖူးတောင်စခန်းသည် ရန်ကုန်−မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ် (၁၆၂) အနီးရှိ တောင်ငူမြို့နယ် နှင့် ရေတာရှည်မြို့နယ်အစပ် ဆိတ်ဖူးတောင်ကျေးရွာတွင် တည်ရှိသည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly