ကျောက်တံခါးနှင့်ပဲနွယ်ကုန်းမြို့တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၂ဦးသေဆုံးဟုဆို

By ရွှေနွယ် (မဇ္ဈိမ)
23 August 2023
ကျောက်တံခါးနှင့်ပဲနွယ်ကုန်းမြို့တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၂ဦးသေဆုံးဟုဆို

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့်  နှစ်ရက်အတွင်း အရပ်သားပြည်သူ နှစ်ဦး သေဆုံးခဲ့သည်ဟု ကျောက်တံခါးမြို့နယ်မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။

ကျောက်တံခါးမြို့၊ သူဌေးကုန်းရွာအနီးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ရွာအတွင်း နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ ထိုပစ်ခတ်မှုကြောင့် သူဌေးကုန်းရွာမှ သမဝါယမအသင်းဝန်ထမ်း ဦးမြင့်အောင် အသက် (၆၀) နှစ် ဒဏ်ရာရပြီး သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင်လည်း ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ဇရပ်ခင်ကျေးရွာ ရေထိန်းတံခါးဘက်မှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံတဦးသေဆုံး၍ တဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း မြေပြင်သတင်းရင်းမြစ်၏ပြောဆိုချက်အရသိရသည်။ သေဆုံးသူမှာ ဦးတင်ထွေး အသက် (၆၀) နှစ်ဖြစ်ပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရသူမှာ ကိုမင်း အသက် (၄၀) နှစ်ဖြစ်သည်။

ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်သည် မြေပြင်မှ စစ်ကြောင်းမထိုးရဲဘဲ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်နေသည်ဟုကျောက်တံခါးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

“သူတို့ကရွာထဲဝင်လာတာနဲ့ အသေထွက်ပဲထွက်နေရတော့ ဝင်မလာရဲကြတော့ဘူး။ အဲ့တော့ လက်နက်ကြီးတွေနဲ့ရမ်းပစ်တယ်။ သူတို့အထိုင်ချနေတဲ့ နေရာတွေ၊တပ်တွေကနေပြီးတော့” ဟု ၎င်းက ဆိုသည်။

ကျောက်တံခါးမြို့နယ်သည် ရန်ကုန်−မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိပြီး လမ်းပိုင်း၏ အရှေ့ဘက်ခြမ်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲပြင်းထန်နေသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required