ကမ္မမြို့နယ်ရဲစခန်းကို  အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(WFP) ဝင်ရောက်ပစ်ခတ်

By MTO (မဇ္ဈိမ)
10 August 2023
ကမ္မမြို့နယ်ရဲစခန်းကို  အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(WFP) ဝင်ရောက်ပစ်ခတ်

မကွေးတိုင်း၊ ကမ္မမြို့နယ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဝင်ရောက်ပစ် ခတ်ခဲ့ရာ ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်  နှစ်ဦးထိခိုက်သေဆုံးနိုင်ကြောင်း အနောက်လွင်ပြင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(WFP)ထံမှ သိရသည်။

ဩဂုတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် ကမ္မမြို့ပေါ်ရဲစခန်းကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီဖက်မှနှစ်ဦးအထိသေဆုံးနိုင်ကြောင်း အနောက်လွင်ပြင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုတေဇက ပြောသည်။

“ ကမ္မရဲစခန်းရှေ့ ဘန်ကာထဲက ရဲနဲ့စစ်ကောင်စီတပ်သားတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကျတော်တို့က အလစ်အငိုက်မှာ ရိုင်ဖယ်နဲ့ စပစ်ပြီးတော့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ နှစ်ဦးလဲကျ သွားတာ မြင်ခဲ့ရတယ်၊ သေဆုံးကတော့ စီစစ်ဆဲပဲ” ဟု ၎င်းကပြောသည်။

ကမ္မမြို့ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ရှိပြီး ပခုက္ကူ-မင်းတပ်လမ်းပိုင်း တွင်တည်ရှိကာ ခရီးသွားပြည်သူများအား စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများ မကြာခဏပြုလုပ်လေ့ရှိ၍ ဘန်ကာရှေ့မှ သွားရောက်ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

ပစ်ခတ်မှုအပြီးနောက် ကာကွယ်ရေးတပ်များ ချက်ခြင်း ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ကိုတေဇကပြောသည်။

“ကျနော်တို့ ပြန်အဆုတ်မှာ သူတို့က ၄၀ မမ နဲ့ ရမ်းပစ်တာမျိုးတွေရှိတယ်။ လက်နက်ငယ်တွေနဲ့ ရမ်းပစ် တာမျိုးတွေရှိတယ်။ ကျနော်တို့ဘက်မှာတော့ ထိခိုက်မှုမရှိပါဘူး “ ဟု ၎င်းကဆိုသည်။

ယခုတိုက်ခိုက်မှုကို အနောက်လွင်ပြင် LDF ၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃ ၊ ပခုက္ကူ (ပ.က.ဖ)၊ တပ်ရင်း (၁)၊ တပ်ခွဲ(၁)၊ Kamma Underground PDF ၊ မြိုင် ပ.က.ဖတပ်ရင်း(၁)၊ တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၊ Scorpion People Defense Force – Myaing ၊ Myaing Underground PDF ၊ တော်ဝင် ကျားတပ်ဖွဲ့၊ BLY (ပကဖ)၊ ဧရာအနောက် ပြောက်ကျားတပ်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required