မိုးဗြဲတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး စစ်ကောင်စီတပ်သားများအား ပြန်လည်ထိမှန်

By ဂျူချန်း (မဇ္ဈိမ)
20 June 2023
မိုးဗြဲတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး စစ်ကောင်စီတပ်သားများအား ပြန်လည်ထိမှန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်ရပ်ကွက်များရှိ အရပ်သားနေအိမ်များတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား စစ်ကောင်စီအမြောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ပြန်လည်ထိမှန်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြကြောင်း KNDF-UAV မှ ထုတ်ပြန်ထားသည်။

KNDF-UAV မှ ထုတ်ပြန်ထားသည့် ဗီဒီယိုဖိုင်ထဲတွင် မိုးဗြဲမြို့ပေါ်၌ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် အရပ်သားနေအိမ်တစ်အိမ်အား လက်နက်ကြီး ထိမှန်ခဲ့ရာ ဒဏ်ရာရရှိသည့် စစ်သားများအား ကယ်ထုတ်နေသည်ကို တွေ့ရသည်။

ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မိုးဗြဲမြို့၊ ဒုန်းဒူထန် ရပ်ကွက်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂) တပ်ရင်းနှင့် လွိုင်ကော်အမြောက်တပ်တို့က လက်နက်ကြီးပစ်ကူများပစ်ခတ်ခဲ့ရာ ယင်းကဲ့သို့ အချင်းချင်း ပြန်လည်ပစ်ခတ်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အဲ့လို မှားပြီးပစ်ခဲ့တာမျိုးတွေ ကြုံတွေ့ရတယ်။ မိုးဗြဲမှာတင် နှစ်ကြိမ်လောက်ရှိပြီ ကျနော်တို့ တွေ့ရတာ။ မိုးဗြဲက တခြားတိုက်ပွဲတွေမှာလည်း အဲ့လိုဖြစ်စဉ်မျိုးတွေ ခဏခဏ ကြားရတယ်။  ပေ၂၀၊ ၃၀ ဝန်းကျင်လေးမှာပဲတိုက်ပွဲဖြစ်နေတော့ ကိုယ့်ဆီမရောက်ဘဲ သူတို့ဆီပဲ ပြန်ကျသွားတာမျိုးတွေပေါ့” ဟု မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ခံ ကိုနေကြောင်း ကပြောသည်။

ယခင် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း မိုးဗြဲမြို့ စက်တော်ရာကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့စဉ်တွင်လည်း စစ်ကောင်စီ၏ လွိုင်ကော်အမြောက်တပ်မှ ပစ်ခတ်ခဲ့သည့် ၁၂၀မမ အမျိုးအစား လက်နက်ကြီးသည် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စက်တော်ရာကုန်းကို ထိမှန်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး အလားတူဖြစ်စဉ်မျိုး မကြာခဏ ဖြစ်လေ့ရှိကြောင်း ကိုနေကောင်းက ဆက်ပြောသည်။

ဇွန်လ ၁၆ ရက်နေ့ တွင် မိုးဗြဲမြို့ပေါ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ မိုးဗြဲ PDF ပူးပေါင်းအဖွဲ့မှ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦနှင့် လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ရကြောင်း မိုးဗြဲ PDF၊ ရွှေလင်းယုန်တပ်ခွဲက ထုတ်ပြန်ထားသည်။

လက်ရှိတွင် တိုက်ပွဲဆက်လက် ဖြစ်ပွားခြင်း မရှိသော်လည်း မိုးဗြဲမြို့ စည်ကားရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)၊  ပွဲကုန်းရပ်ကွက် အမှတ်(၁)၊ (၂)၊ (၃)၊ ဈေးကုန်း၊ ပေါ်ဦးရပ်ကွက်၊ ဒုန်းဒူထန်ရပ်ကွက်နှင့် စက်တော်ရာကုန်း စသည့် နေရာများတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံနှင့် ကာကွယ်ရေးတပ်များမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly