ကိုနွေဦးကို ပကဖအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲလိုက်သည့်အပေါ် NUG ကာကွယ်ရေးဝန်ကြီးနှင့် ဆွေးနွေးမည်ဟုဆို 

By မိုးသောက် (မဇ္ဈိမ)
15 June 2023
ကိုနွေဦးကို ပကဖအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲလိုက်သည့်အပေါ် NUG ကာကွယ်ရေးဝန်ကြီးနှင့် ဆွေးနွေးမည်ဟုဆို 
Photo- NUG(ပုံဟောင်း)

စစ်ကိုင်းဖိုရမ်တွင်ပါဝင်ခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုနွေဦးကို ပ.က.ဖ တာဝန်မှ ယာယီရပ်စဲလိုက်ခြင်းနှင့်ပတ်သက်၍ NUG ၏ကာကွယ်ရေးဝန်ကြီးနှင့်ဆွေးနွေးရန်ရှိကြောင်း စစ်ကိုင်းဖိုရမ်ထံမှသိရသည်။

” အချင်းချင်းကြား နားလည်မှုလွဲတဲ့ ကိစ္စရပ်တွေလို့မြင်ပါတယ်။ ကျနော်တို့ဘက်ကနေ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ရှိပါမယ်ဗျ “ ဟု စစ်ကိုင်းဖိုရမ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ကိုခန့်ဝေဖြိုးကပြောသည်။

စစ်ကိုင်းဖိုရမ်တွင် ပြောရေးဆိုခွင့်ရှိသူအဖြစ် ပါဝင်ခဲ့သည့်အတွက် ကိုနွေဦးကို NUG ၏ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဒေသမှူးတို့ထံ ရှင်းလင်းရန်ညွှန်ကြားထားသော်လည်း ပြန်လည်တင်ပြခြင်းမရှိခြင်း၊ အခြားအဖွဲ့အစည်းတွင် တစ်ဦးတည်းသဘောဖြင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းများပြုလုပ်ခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် ခရိုင်တာဝန်ခံက အစီရင်ခံစာပြန်လည်တင်ပြပြီးသည်အထိ  မြို့နယ် ပ.က.ဖ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်စဲမည်ဟု တိုင်း ပ.က.ဖ က ဇွန်လ ၁၀ ရက်နေ့တွင် အကြောင်းကြားခဲ့ခြင်း ဟု သိရသည်။ 

ထိုသို့အကြောင်းအကြားပြီး ယာယီရပ်စဲလိုက်သည့်အပေါ်တွင် ဖြေရှင်းသွားရန်မရှိကြောင်း ကိုနွေဦးကလည်း မဇ္ဈိမသို့ပြောသည်။

စစ်ကိုင်းဖိုရမ်အတွင်း ဆွေးနွေးချက်များသည် စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်စေမည့် အရာများမဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် ဒေါက်တိုင်တစ်ခုဖြစ်ရန် ဆွေးနွေးခဲ့ကြကြောင်း ကိုနွေဦးကဆိုသည်။

ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့ တို့တွင်ကျင်းပခဲ့ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတော်လှန်နေကြသည့် သပိတ်ကော်မတီ၊ ဒေသကာကွယ်ရေးအဖွဲ့များ၊ CDM ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်တွင် နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ ဒေသန္တရအုပ်ချုပ်ရေးကဏ္ဍ၊ အထွေထွေကဏ္ဍဟူ၍ ကဏ္ဍ လေးရပ်ခွဲကာ ဆွေးနွေအဖြေရှာခဲ့ကြခြင်းဟုသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly