ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး ကျည်ဆန်များအရေးပေါ်လိုအပ်နေကြောင်း မိုးဗြဲ PDF( ကျွဲချိုတပ်ခွဲ) တာဝန်ခံက မဇ္စျိမကို ပြောသည်။
လက်ရှိ မိုးဗြဲ PDF( ကျွဲချိုတပ်ခွဲ)တွင် တိုက်ပွဲ နှစ်ပွဲစာအတွက်သာ ကျည်ဆန် လက်ကျန်ရှိပြီး M-16 ကျည်ဆန် ၂,၀၀၀ နှင့် AKကျည်ဆန် ၁,၀၀၀ အရေးပေါ်လိုအပ်နေခြင်းဖြစ်သည်။
"ပြည်တွင်း ၊ ပြည်ပက မိဘပြည်သူများအနေနဲ့ ခွန်အားနဲ့ မတတ်ရင်တောင် ငွေ ၅၀၀ ၊ ၁၀၀၀ ကအစ ပါဝင်ပေးကြပါ ။ ဒါမှ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက်ချေမှုန်းနိုင်မှာဖြစ်တယ်၊ပါဝင်လှူဒါန်းတဲ့ ပြည်တွင်း၊ ပြည်ပက မိဘပြည်သူများအနေနဲ့ ကျွဲချိုထောက်ပို့ Page ၏ Chat box မှာ ဆက်သွယ်လှူဒါန်းပေးကြပါ” ဟု ၎င်းက မေတ္တာရပ်ခံတောင်းဆိုထားသည်။
လိုအပ်နေသည့် ကျည်ဆန်များကို ဇွန်လ ၁၃ ရက်မှ ၃၀ရက်အတွင်း ဖြည့်ပေးကြရန် အရေးပေါ် တောင်းဆိုထားသည်။ လက်ရှိတွင် မိုးဗြဲမြို့ နေရာသုံးနေရာ၌ စခန်းချထားသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်တို့ တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
" စက်တော်ရာ ဘုရားတောင်ပေါ်ရယ်၊ မြို့တွင်း ညောင်ဝိုင်းနဲ့ မိုးဗြဲ-ပီကင်း ရထားလမ်းရယ် အဲ့နေရာသုံးခုကို နေရာယူထားပြီး ဒီရက်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်"ဟု မိုးဗြဲ PDF (ကျွဲချိုတပ်ခွဲ) တာဝန်ခံက ပြောသည်။
ထိုတိုက်ပွဲများအတွင်း အရပ်သားပြည်သူ ဦးရေ၂၀ သေဆုံးခဲ့ရပြီး အသက် ၁၈ အရွယ်သမီးနှင့် အမေဖြစ်သူတို့ စစ်ကောင်စီတပ်၏ မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။
အရေးပေါ်ကျည် ထောက်ပံလိုသူများအနေဖြင့် (m.me/mbkywegyo )Telegram-(https://t.me/kywegyo) သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး