မိုးဗြဲမြို့ထဲသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံး

By ကိုဇာနည် (မဇ္ဈိမ)
06 June 2023
မိုးဗြဲမြို့ထဲသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေဆုံး

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ထဲသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့်  အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03)၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF)ပူးပေါင်းတပ်တို့ ဇွန်လ ၅ ရက်နေ့ နံနက်မှညနေအထိ တစ်နေ ကုန် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတချို့ရှိကာ ပူးပေါင်းတပ်ဖွဲ့ဖက်မှ  နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲ PDF တပ်ရင်း (၂) က ယမန်နေ့ ညနေအချိန်တွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တာဝေးပစ်လက်နက်ကြီးပစ်ကူမှုများ အကြိမ် ၁၀၀ ထက်မနည်း အသုံးပြုခဲ့ခြင်းကြောင့် အသက် ၁၀ နှစ်အောက်အရွယ်ကလေးငယ် (ယောက်ကျားလေး) တစ်ယောက် ​သေဆုံးသွားခဲ့ရပြီး အရပ်သားနေအိမ် နှစ်လုံး မီးလောင်သွားကာ ပြည်သူလူထုနေအိမ်အချို့လည်း ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

"ဒီရက်ပိုင်းတွေမှာက ရွာထဲမှာ တိုက်ပွဲဖြစ်ပွားတာ မရှိရင်လည်း ​​လက်နက်ကြီးနဲ့ တစ်ကုန်ပစ်တယ်၊ အရမ်းပစ်တယ်။ တစ်ရက်တစ်ရက်ဆိုရင် လက်နက်ကြီးသံပဲ ကြားနေရတယ်၊ ဘယ်ချိန်ကိုယ့်အပေါ်ကျမလဲ ဆိုတာကိုတွေးပြီး တစ်ရက်ပြီးတစ်ရက် အိပ်မပျော်ခဲ့ဘူးပေါ့၊" ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်မှ မိုးဗြဲမြို့ပေါ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တံမြက်စည်းလှဲနေသည့်အရပ်သားပြည်သူ (ကျား) တစ်ဦးသေဆုံးခဲ့ရပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေတင်းမာလျှက်ရှိရာ မိဘပြည်သူများအနေဖြင့် တိုက်ပွဲများဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်တွင် အသွားအလာများ မပြုလုပ်ကြသေးပါရန် နှင့် ခရီးသွားမိဘပြည်သူများအနေဖြင့် လွိုင်ကော်-ပင်လောင်း လမ်းမကြီးကို အသုံးမပြုကြသေးပါရန် မိုးဗြဲ PDF တပ်ရင်း (၂) မှအထူးအသိပေး ထုတ်ပြန်ထားပါသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly