စစ်ကောင်စီသည် ဆေးရုံဆေးခန်းများအပေါ် ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာသည်ဟု NUG-MOH ထုတ်ပြန်

By ဂျူချန်း(မဇ္ဈိမ)
29 April 2023
စစ်ကောင်စီသည် ဆေးရုံဆေးခန်းများအပေါ် ပိုမိုပစ်မှတ်ထား တိုက်ခိုက်လာသည်ဟု NUG-MOH ထုတ်ပြန်
ဓါတ်ပုံ-ဧပြီ ၂၅ ရက်နေ့တွင် တိုက်ခိုက်ခံရသည့် ဆောင်းဖွေးဆေးရုံ

အာဏာသိမ်းစစ်ကောင်စီတပ်သည် ယခု ဧပြီလအတွင်း အရပ်သားပြည်သူများအား ဆေးကုသမှုဆောင်ရွက်ပေးနေသည့် ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ကျန်းမာရေး ကဏ္ဍအပေါ် လေကြောင်းမှတစ်ဆင့် ရည်ရွယ်ချက်ရှိရှိဖြင့် အရှိန်မြှင့် တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန (NUG-MOH )မှ ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ယခု ဧပြီလအတွင်းတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်း၊ ကရင်နီနယ်စပ်များရှိ ကျန်းမာရေးအဆောက်အဦများဖြစ်သည့် ဆေးရုံဆေးခန်းများအား လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း NUG-MOH ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာတိုက်နယ်ဆေးရုံ၏ ပြင်ပလူနာဆောင်၊ ကျား/မ လူနာဆောင် နှစ်ဆောင်၊ ခွဲစိတ်ခန်း၊ ဆေးစတိုခန်းနှင့် ဆေးရုံအဆောင်တို့ကို ဧပြီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း NUG-MOH မှ ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာအား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် စီသာတိုက်နယ်ဆေးရုံ အဆောက်အဦ တစ်ခုလုံးနီးပါး ပျက်စီးခဲ့ရာ ဆေးရုံအတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ကရင်နီနှင့် ရှမ်းပြည်နယ်နယ်စပ် ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် ဧပြီလ ၇ ရက်နေ့၌ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးဝန်ထမ်းနှစ်ဦး ကျဆုံးခဲ့ရပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူနာတင်ယာဉ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာအား ဧပြီလ ၁၈ ရက်နေ့တွင် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ကာ မန်ကျည်းကန်ကျေးရွာရှိ ပြည်သူ့ဆေးရုံကိုလည်း စစ်ကောင်စီတပ်သားများမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဓာတ်မှန်စက်၊ ဆေးနှင့် ဆေးပစ္စည်းများ ဆုံးရှုံးခဲ့ရကာ အသက် ၁၅နှစ်အရွယ် ကလေးတစ်ဦးအား သတ်ဖြတ်ခဲ့ကာ ဆေးရုံတွင်းရှိ လူနာ၊ လူနာစောင့်နှင့် အရပ်သား ၁၀၀ ကျော်ခန့်အား ဓားစားခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ယင်နွဲ့ကျေးရွာအုပ်စုရှိ ဆောင်းဖွေး ကိုယ်ထူကိုယ်ထ ဆေးရုံကို ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အဦ၊ ဆေးနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးခဲ့ရပြီး ပြည်သူငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတစ်နေရာတွင်လည်း စစ်ကောင်စီမှ ဧပြီလ ၂၇ ရက်နေ့ ည၁၁ နာရီခန့်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ၂၀၂၃ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း ၇၀ဦး ကို သတ်ဖြတ်ခြင်း၊ ၈၃၆ ဦးခန့် ဖမ်းဆီးခြင်း၊ ဆေးရုံ/ဆေးခန်းများအားတိုက်ခိုက်ဖျက်ဆီးခြင်း ၁၈၈ကြိမ်၊ ထိခိုက် ပျက်စီးခဲ့သော လူနာတင်ယာဉ်  ၅၉ စီး၊ ခိုးယူသိမ်းပိုက်ခံရသော လူနာတင်ယာဉ် ၄၉ စီး ရှိကြောင်း NUG-MOH မှ ဧပြီလ ၂၀ ရက်နေ့ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ယခုကဲ့သို့ ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်းဥပဒေ များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမြန်ဆုံး တားဆီးအရေးယူရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly