ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့နယ်၊ မဲကနယ်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်း ရင်းမြစ်များထံမှ သိရသည်။
စစ်ရေးအခြေအနေ တင်းမာနေသော မဲကနယ်ဒေသအနီးတစ်ဝိုက်အား ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြင်ကွင်းကလေးကျေးရွာ(ခ) နို့ဖိုးထီးမူးထကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံလေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရ သည်။
“ညနေ ၄ နာရီ ၅ မိနစ်မှာ ဗုံးကြဲသွားတာ။ ခေါင်းထိတစ်ဦး၊ လက်ထိတစ်ဦး၊ ပေါင်ထိနှစ်ဦး၊ ကျားနှစ်ဦး၊ မ နှစ်ဦး စုစုပေါင်းလေးဦးဒဏ်ရာရတယ်။ ပျက်စီးတာကတော့ ယာယီတဲတွေလောက်ပဲ ပျက်စီးပါတယ်”ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
နို့ဖိုးထီးမူးထကျေးရွာမှ အမျိုးသမီးနှစ်ဦး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပြီး ယာယီတဲအချို့ ထိမှန်ပျက်စီးခဲ့ ကြောင်း သိရသည်။
နို့ဖိုးထီးမူးထကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မဇ္ဈိမက Cobra Column တပ်ခွဲ(၄) အားဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးချေ။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်သည် မဲကနယ်ဒေသအနီးသို့ ဂျက် ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ဧပြီလ၂၄ ရက်နေ့က တော်လှန်ရေးအင်အားစုများ လုံခြုံရေးယူထားသည့် မဲကနယ်အနီးတစ်ဝိုက်နယ် မြေအား စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး ၃၀ ကျော်ဖြင့်တိုက်ခိုက်ခဲ့ပြီး ထိုထဲတွင် ဓါတုဗုံးဟု ယူဆသော လက်နက်ကြီးအမျိုးအစားပါဝင်ကြောင်း Cobra Column က ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ