ပဇီကြီးကျေးရွာ လေကြောင်းမှတိုက်ခိုက်ခံရမှုအပြီး ပျံ့နှံ့နေသော ပုံအမှားများ

By NL(မဇ္ဈိမ)
12 April 2023
ပဇီကြီးကျေးရွာ လေကြောင်းမှတိုက်ခိုက်ခံရမှုအပြီး ပျံ့နှံ့နေသော ပုံအမှားများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက် မှုမခံရမီ ထမင်းစားနေသည့်ကလေးငယ်ပုံများနှင့် သွေးစွန်းနေသည့်ပုံများ ပျံ့နှံ့နေသည်။ ထိုပုံများသည် ကရင်နီပြည်နယ် ဒီးမော့ဆို စစ်ရှောင်စခန်းမှပုံများ ဖြစ်သည်။ 

စစ်ကောင်စီတပ်က ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်နေ့က လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ကလေးငယ်များထမင်းစားနေသည့်ပုံများကို တိုက်ခိုက်မှုမခံရမီက ကလေးငယ် များဟုဆိုကာ ပုံလေးပုံ ဖေ့စ်ဘုတ်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ပုံအမှားကို မူလဖြန့်ဝေသည့် အကောင့်အား မတွေ့ရှိရသော်လည်း Credit ပေးကာ ပြန်လည်ဖြန့်ဝေမှုများ ရှိနေသည်။ 

ထိုပုံများကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ ခေတ်သစ်မီဒီယာမှ ဧပြီလ ၁၁ ရက်နေ့က ဖော်ပြထား သည့် “ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို အစားအသောက်များကျွေးမွေးလှူဒါန်း”ဟူသည့် သတင်းမှ သတင်းဓာတ်ပုံများဖြစ်ကြောင်း တွေ့ရသည်။ 
လင့် − t.ly/5cso

ထို့ပြင် “MG Aung Moe Oo” ဖေ့စ်ဘုတ်အကောင့်မှ “အဘယ်သို့သော နှလုံးသားနဲ့ခံစားရမှာလဲ” ဟု ဆို ကာသွေးကွက်များထဲမှ ဖိနှပ်နှင့် ထမင်းပန်ကန်ပါသည့် ပုံနှစ်ပုံကို ဖြန့်ဝေထားသည်။ မည်သည့်နေရာ မည်သည့်ကိစ္စဟု တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။ သို့သော် လောလောလတ်လတ် ဖြစ်ပွားခဲ့သည့် ကန့်ဘလူကိစ္စဟု ထင်မှတ်မှားစေကာ ပြန်လည်မျှဝေမှု 3,600 ကျော်ရှိနေပြီ ဖြစ်သည်။ 
 
အဆိုပါ ပုံမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒီးမော့ဆိုနှင့် ဖယ်ခုံတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်မှ ပုံဖြစ်သည်။ 
ထိုပုံကို The Irrawaddy အင်္ဂလိပ်ပိုင်းတွင် မတ်လ ၃ ရက်နေ့က ဖော်ပြထားသည်။ 
လင့် − t.ly/RLfyG

ထို့ကြောင့် ယခုပျံ့နှံ့နေသည့် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ ကလေးပုံများနှင့် သွေးစွန်းနေသည့်ပုံများသည် ဒီးမော့ဆိုစစ်ရှောင်စခန်းမှ ကျွေးမွေးလှူတန်းသည့်ပုံနှင့် ဖေဖော်ဝါရီလ အတွင်းက လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှ ပုံများသာ ဖြစ်သည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required