ရွှေကူမြို့နယ် ရွာ ၅ ရွာထက်မနည်းကို စစ်ကောင်စီတပ် မီးထပ်ရှို့

By KMN (မဇ္ဈိမ)
12 April 2023
ရွှေကူမြို့နယ် ရွာ ၅ ရွာထက်မနည်းကို စစ်ကောင်စီတပ် မီးထပ်ရှို့
ပုံစာ - ဧပြီ ၆ ရက်နေ့က တုံးကောက်ရွာနှင့်စီသောင်ရွာရှိ လူနေအိမ်ခြေများကို စစ်ကောင်စီတပ် မီးရှို့ခဲ့မှုမှတ်တမ်း။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကျေးရွာ ငါးရွာထက်မနည်းအား ဧပြီလ ၁၀၊ ၁၁ရက်အတွင်း စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့ခဲ့ကြောင်း ရွှေကူဒေသခံတွေထံမှ သိရသည်။

ဧပြီ ၁၀ ရက်နေ့မှာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိသည့် စီသောင်၊ မံခါးနှင့် စီမော်ရွာများ၏ နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးထပ်ရှို့ခဲ့ပြီး နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာကိုဧပြီ ၁၁ ရက်နေ့မှာ ထပ်မံ မီးရှိုခဲ့ကြောင်း သိရသည်။

"မနေ့က မနက်အစောကြီး နန့်လန်ရွာနဲ့ နောင်လတ်ကြီးကျေးရွာဘက်ကိုစစ်တပ် ဝင်လာတာကြားတယ်၊ ခပ်လှမ်းလှမ်းကနေ မီးခိုးတွေတွေ့ရတယ်" ဟုကျေးရွာခံတစ်ဦးကကပြောသည်။

နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာဘုန်းကြီးကျောင်းများ၌ ရွာခံတချို့အား စစ်ကောင်စီတပ်မှဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးသလို ရွှေကူ KPF အဖွဲ့အားလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စီသာတိုက်နယ် ကျေးရွာများကို စစ်ကောင်စီတပ်တွေက ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
စီသာတိုက်နယ်အား မတ်လ ၂၅ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့နှင့် ဧပြီလ ၅ ရက်၊ ၆ ရက်နေ့များတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရွှေကူ KPF မှ ထုတ်ပြန်ထားသည်။

ရွှေကူမြို့၊စီသာတိုက်နယ်တွင် ကျေးရွာ ၁၂ ရွာဝန်းကျင်ရှိပြီး  စီမူလေး၊ စီမူကြီး၊ စီတောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လက်ကြီး၊ ဝင်ဝ၊ စီသာ၊ မံနား၊ မံခါး အစရှိသည့် ရွာ ၁၂ ရွာက ထောင်နှင့်ချီသည့်ဒေသခံများမှာ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံက ဧပြီလဆန်းမှာ မဇ္ဈိမကိုပြောကြားထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly