ဗိုလ်ဆင်ရိုင်းအား PDF အချင်းချင်းသတ်ဟု စစ်ကောင်စီဝါဒဖြန့်

ဗိုလ်ဆင်ရိုင်းအား PDF အချင်းချင်းသတ်ဟု စစ်ကောင်စီဝါဒဖြန့်

မဇ္ဈိမ။    ။မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) စစ်ကိုင်းခရိုင် အမှတ်(၁) တပ် ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်ဆင်ရိုင်း PDF အချင်းချင်းသတ်ဖြတ်၍ သေဆုံးခြင်းဖြစ်သည်ဟု စစ်ကောင်စီ ထောက်ခံသူများက ဖြန့်ဝေနေကြသည်။ ယင်းမှာ မှားယွင်းနေသည်။

“Kyaw Swar” တယ်လီဂရမ်ချန်နယ်တွင် ဧပြီလ ၂ ရက်နေ့က “ပဒက်ချင်း အသတ်ခံလိုက်ရသော ပဒက် ဆင်ရိုင်း” (မူရင်းအရေးအသားအတိုင်း) ခေါင်းစဉ်ဖြင့် CDSOM ၏ ဒရုန်းတပ်ဖွဲ့မှ ဗိုလ်ဆင်ရိုင်း ခေါင်းဖြတ် ခံရခြင်းဖြစ်စဉ်အား မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်နှင့်အတူ ဖြန့်ဝေထားသည်။ ဝတ်စုံအနက်ဖြင့် လူများဖြစ်ပြီး စစ်ကောင်စီထုတ် ပြောက်ကျားဝတ်စုံဝတ်ထားသူ တစ်ဦးတစ်ယောက်မှ မပါခြင်း၊ ပုလိုင်း များအိတ်များမပါသောကြောင့် စစ်ကောင်စီတပ်မဟုတ်ပဲ PDF များသာဖြစ်ကြောင်းနှင့် PDF များက အနီးနားတွင်ရှိနေပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရောက်မလာကြောင်း ရေးသားထားသည်။  

အဆိုပါအကြောင်းအရာကို Kyaw Swar အပါအဝင် အခြားချန်နယ် ၁၉ ခုတွင် ပြန်လည်ဖြန့်ဝေထားပြီး နှစ်ရက်အတွင်း ကြည့်ရှုသူပေါင်း ၇၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘုတ်တွင်လည်း အဆိုပါ အကြောင်းအရာကို ဖြန့်ဝေမှုများ ရှိသည်။ 

ဗိုလ်ဆင်ရိုင်းအသတ်ခံရခြင်းဖြစ်စဉ်နှင့်ပတ်သက်၍ CDSOM မှတာဝန်ရှိသူ ကိုနွေဦးအား မဇ္ဈိမမှမေးမြန်း ခဲ့ရာ “ဗိုလ်ဆင်ရိုင်းကို သတ်ပြီးတော့ သူတို့(စစ်ကောင်စီတပ်) စခန်းချထားတဲ့နေရာထဲကို သယ်သွားပြီး သူတို့ပြန်သွားလို့ ကျနော်တို့ ဝင်စီးတဲ့အခါမှာ နောက်ထပ်နှစ်ယောက်ကိုသတ်ပြီး ဗိုလ်ဆင်ရိုင်းရဲ့ ခေါင်းကို ချထားတာ။ နားရွက်တွေပါဖြတ်ထားတယ်။ သူတို့မသတ်ဘူးဆိုရင် သူတို့စခန်းချခဲ့တဲ့နေရာမှာ ဘာလို့ အဲဒီခေါင်းကရောက်နေရတာလဲ။ ဒီလိုမျိုးမှတ်တမ်းက ဒီတစ်ခါပဲ ရအောင်ယူလိုက်နိုင်တယ်။ အရင်ရှေ့ ပိုင်းတုန်းက သူတို့သတ်သွားတယ်။ ကျန်ခဲ့တဲ့ ဘော်ဒီကိုပဲ ကျနော်တို့ရတယ်။ ကျနော်တို့ မှတ်တမ်းရ လိုက်တဲ့အတွက် သူတို့ဘက်ကမဟုတ်ပါဘူးလို့ အသည်းအသန်ငြင်းနေတာ။ ကျနော်တို့က ကိုယ့်လူကိုယ် သတ်စရာအကြောင်းမရှိဘူး။ ပြီးတော့ ကိုယ့်လူကိုယ်လုပ်ပြီး စခန်းထဲဝင်သွားရင် ပိုတောင်မဖြစ်နိုင်တဲ့ ကိစ္စကြီး” ဟု ကိုနွေဦးကပြောသည်။

စစ်ကောင်စီမှ စစ်ကြောင်းထိုးသည့်အခါများတွင် စစ်ဝတ်စုံဝတ်များ ဝတ်လေ့မရှိဘဲ အရပ်ဝတ်များဖြင့် စစ်ကြောင်းထိုးလေ့ရှိကြောင်းလည်း ၎င်းကဆိုသည်။ 

ထို့အပြင် ဗိုလ်ဆင်ရိုင်းအားသတ်ပြီး ဦးခေါင်းကိုယူနေချိန်တွင် PDF များ အနီးအနားတွင် ရှိနေပါလျက် ဝင်မတိုက်ရခြင်းအကြောင်းအားမေးမြန်းရာ “သူတို့ခုတ်နေတဲ့နေရာက စစ်ကြောင်းဝင်စီးထားတဲ့ နေရာနဲ့ ရွာနဲ့ ကပ်ရက်။ ကျန်တဲ့နေရာကိုကြည့်လိုက်မယ်ဆိုရင် ကွင်းပြင်ကြီးဖြစ်နေတယ်။ ကွင်းပြင်ကြီးဆိုတော့ တက်လို့လည်း မရဘူး။ နောက်တစ်ခုက စစ်ကြောင်းဘယ်နားရောက်တယ်ဆိုတာရှာတဲ့ ဒရုန်းသမားတွေ ပဲရှိတာ၊ သူတို့မှာ လက်နက်ပါသွားတာလည်း မဟုတ်ဘူး။ လက်နက်မပါတာကြောင့် ဝင်တိုက်စရာလည်း မရှိဘူး” ဟု ကိုနွေဦးက ရှင်းပြသည်။

စစ်ကြောင်းထိုးစဉ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်းများပြုလုပ်လေ့ရှိသည့် စစ်ကောင်စီတပ်၏ ဘီလူးစစ်ကြောင်းက မတ်လ ၃၀ ရက်နေ့တွင် စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း၊ တပ်ခွဲ(၃)စခန်းအားစီးနင်းပြီး ဒုတပ်ရင်းမှူးဖြစ်သူ ဗိုလ်ဆင်ရိုင်းကို သေနတ်ဖြင့်ပစ်ခတ်ပြီး ခေါင်းဖြတ်ခဲ့ ကြောင်းMyanmar Now မှ သတင်းဖော်ပြထားသည်။ လင့် - t.ly/H-cR

အလားတူ The Irrawaddy Burmese Edition နှင့် Burma VJ တို့မှလည်း ဗိုလ်ဆင်ရိုင်းကို စစ်ကောင်စီ တပ်မှ သတ်ဖြတ်ခဲ့ကြောင်းကို သတင်းဖော်ပြထားသည်။ လင့် - t.ly/IRT_ , t.ly/_tXs

ထို့ကြောင့် စစ်ကိုင်းခရိုင် တပ်ရင်း(၁) မှ ဗိုလ်ဆင်ရိုင်းအား PDF များမှ အချင်းချင်းသတ်ဖြတ်ခဲ့သည်ဆို ခြင်းမှာ ဖြစ်စဉ်အမှန်ကို ပြန်ပြောင်းရေးသားကာ စစ်တပ်ထောက်ခံသူများမှ လုပ်ကြံဝါဒဖြန့်ထားခြင်းသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required