အွန်လိုင်းအစည်းအဝေးများပြုလုပ်သည့် Jitsi Meet ကို NUG မှ ပိုင်ဆိုင်သည်မှာ မဟုတ်မှန်ပါ 

By TK (မဇ္ဈိမ)
31 March 2023
အွန်လိုင်းအစည်းအဝေးများပြုလုပ်သည့် Jitsi Meet ကို NUG မှ ပိုင်ဆိုင်သည်မှာ မဟုတ်မှန်ပါ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ပြည်တွင်း၌ Zoom Application အား အသုံးမပြုနိုင် အောင် နည်းပညာသုံးနှောင့်ယှက်ကာ ၎င်းတို့ပိုင် Jitsi Meet Application အား အသုံးပြုရန်ခိုင်းစေနေ ကြောင်း ဖြန့်ဝေမှုများရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။

“အသန်း(ICG)” အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ မတ်လ ၂၄ ရက်နေ့တွင် “Zoom Application ကို နည်း ပညာဖြင့်နှောင့်ယှက်ထားပြီး NUG က ၎င်းတို့တီထွင်ပြုလုပ်ထားသည့် Jitsi Meet Application အား စမ်းသပ်အသုံးပြုခိုင်းနေတာကိုတွေ့ရတယ် ရုံးလုပ်ငန်းများ အစိုးရရုံးများ ထို Application အား အထူး သတိထားပါ အသုံးမပြုဖို့လိုပါတယ်” ဟု ဖြန့်ဝေထားသည်။ ထိုအကြောင်းကို ကြည့်ရှုသူ ၁၀,၀၀၀ ကျော် နေပြီဖြစ်ပြီး ဖေ့စ်ဘုတ်တွင်လည်း ပြန်လည်ဖြန့်ဝေမှုများရှိနေသည်။ 

မဇ္ဈိမအနေဖြင့် ထိုအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာတွင်  Jitsi Meet အား NUG ပိုင်ဆိုင်ခြင်း၊ တီထွင်ထားခြင်းဆိုသည်မှာ မဟုတ်မှန်ကြောင်း တွေ့ရသည်။ 
Jitsi Meet သည် အွန်လိုင်းဆွေးနွေးပွဲများ၊ သင်တန်းများအတွက် အသုံးပြုမှုများသည့် ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပြီး ကွန်ပျူတာအပြင် ဖုန်းများတွင်ပါ အသုံးပြုရလွယ်သည့် Application တစ်ခုဖြစ်သည်။ 

ထို Jitsi Meet ကို ပြင်သစ်နိုင်ငံ Strasbourg တက္ကသိုလ်မှ Emil Lvov အမည်ရှိ ကျောင်းသားမှ SIP Communicator အဖြစ် ၂၀၀၃ ခုနှစ်ကတည်းကဖန်တီးခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် Jitsi အဖြစ် အမည် ပြောင်းခဲ့ခြင်းဖြစ်သည်။ ထို Jitsi ကို ၂၀၂၀ ခုနှစ်အထိ တစ်လလျှင် အသုံးပြုသူ ၂၀ မီလီယံ ကျော်ရှိခဲ့ သည်။ လင့် − https://jitsi.org/about/

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး Jitsi Meet နှင့် သက်ဆိုင်မှုမရှိပေ။ 

လွန်ခဲ့သည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံတွင် အွန်လိုင်းအစည်းအဝေးများ၊ ဆွေးနွေးပွဲများ၌ အသုံး များသည့် Zoom တွင် အခက်အခဲအချို့ပေါ်ပေါက်ခဲ့ပြီး Jitsi ကို အစားထိုးအသုံးပြုရန် တော်လှန်ရေး ရဲဘော်များအတွက် ဒစ်ဂျစ်တယ်နည်းပညာများကို ပြန်လည်မျှဝေနေသည့် "နွေဦးလုံခြုံရေး" တယ်လီ ဂရမ်ချန်နယ်မှ အသိပေးထားသေးသည်။ 
လင့် − https://t.me/SpringRevSecurity/1324

ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာပညာရှင်တစ်ဦးမှလည်း “Jitsi က NUG က ထုတ်တာရယ်လို့ မသိထား ပါဘူး၊ အခုမှ သုံးတာမဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သုံးနေတဲ့သူတွေရှိကြပါတယ် IOS ရ မရ တော့ မသိဘူး” ဟု မဇ္ဈိမသို့ ပြောသည်။ 

ထို့ကြောင့် လက်ရှိပျံ့နှံ့နေသည့် NUG မှ Zoom နည်းပညာကို အသုံးမပြုနိုင်ရန်နှောင့်ယှက်ပြီး ၎င်းတို့ပိုင် Jitsi Meet အား အသုံးပြုရန်တိုက်တွန်းနေသည်ဆိုသည်မှာ မှားယွင်းသောအကြောင်းအရာများ ပါဝင်နေ သည့် သတင်းတုတစ်ပုဒ်သာဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required