မြစ်ကြီးနားမြို့တွင်  စစ်တပ်အာဏာသိမ်း နှစ်နှစ်ပြည့်  အသံတိတ်သပိတ်ပြုလုပ် 

By ကချင်လေး(မဇ္ဈိမ)
01 February 2023
မြစ်ကြီးနားမြို့တွင်  စစ်တပ်အာဏာသိမ်း နှစ်နှစ်ပြည့်  အသံတိတ်သပိတ်ပြုလုပ် 

 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ စစ်တပ်အာဏာသိမ်း နှစ်နှစ်ပြည့်သော ယနေ့ ဖေဖော််ဝါရီ ၁ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုများက အသံတိတ်သပိတ်ဆင်ပြုလုပ်ရာ  မြစ်ကြီးနားမြို့အတွင်း လမ်းများပေါ်၌ လူသူကင်းရှင်းနေသည်ကို တွေ့ရသည်။ 

မဖြစ်မနေသွားလာနေကြသူများမှအပ၊ ပုံမှန်လမ်းသွားလမ်းလာမရှိသည်ကိုတွေ့ရပြီး၊ ရပ်ကွက်အတွင်းလမ်းများတွင်တော့ လူအသွားအလာမရှိသလောက် အခြေအနေဖြစ်သည်။ 

နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်း မိမိတို့ နေအိမ်၊ ဆိုင်များအတွင်းမှာပင် နေထိုင်ပြီး လမ်းပေါ်မထွက်ဘဲ နေထိုင်၍ အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်မှုကို လက်မခံကြောင်းပြသရန်၊ စစ်ကောင်စီက လေသံပစ်ထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ 

မြို့တွင်းအဓိကလမ်းမကြီးအချို့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များကိုင်ကာ အိမ်စီးကားများဖြင့်  လမ်းများပေါ် လူအသွားအလာမပြတ်အောင် လမ်းများပေါ် ခပ်ဖြေးဖြေးသာ ပတ်မောင်းနေသည်ကို တွေ့ရသည်ဟု ဒေသခံများက ဆိုကြသည်။ 

ထို့အပြင် မြို့တွင်းမြို့လယ်ရှိ ပန်းခြံများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကင်းပုန်းရယူထားသည့်အပြင် မပခမှ အရန်တပ်ဖွဲ့ဝင်အချို့ကလည်း စစ်သုံးကားကြီးများနှင့် မြို့တွင်းလမ်းမကြီးများမှာ ပတ်မောင်းနေသည်။ 

ယခင်ပြုလုပ်ခဲ့သော အသံတိတ်သပိတ်များတွင်လည်း နိုင်ငံတစ်ဝန်း လူသူကင်းမဲ့ကာ အောင်မြင်ခဲ့သည့်အစဉ်အလာရှိထားသဖြင့် စစ်ကောင်စီကလည်း အသံတိတ်သပိတ်ဆင်နွှဲမှုများကို ခြိမ်းခြောက်ထားသည်။ 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က၊ စစ်တပ်က အရပ်သားအစိုးရ၏ ရွေးကောက်ပွဲအနိုင်ရရှိမှုအပေါ် လက်မခံဘဲ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ခြင်းသည်  ယနေ့ဆိုလျှင် နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly