ဝေဖန်မှုများကြောင့် ဒေါ်ရိုစီအောင်ကို NUG မှ လုပ်ကြံသတ်ဖြတ်ဟု သတင်းမှားဖြန့်

By ဂျူချန်း (မဇ္ဈိမ)
22 January 2023
ဝေဖန်မှုများကြောင့် ဒေါ်ရိုစီအောင်ကို NUG မှ လုပ်ကြံသတ်ဖြတ်ဟု သတင်းမှားဖြန့်

ဇန်နဝါရီလ ၂၂ ရက်

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်ဌေးဌေးဝင်း(ခေါ်)ဒေါ်ရိုစီအောင် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ကို ဝေဖန်တိုက်ခိုက်သဖြင့် NUG မှ လုပ်ကြံခဲ့သည်ဆိုသောသတင်းများ လူမှု ကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

Myanmar & Intentional News အမည်ရှိ ဖေ့ဘုတ်စာမျက်နှာတွင် “တော်လှန်နေရင်း အမှန်တရားတွေ ပြောမိလို့ ပြည်ပမှာ လုပ်ကြံခံလိုက်ရတဲ့ ဒေါ်ဌေးဌေးဝင်း(ခ)ရိုစီအောင်” ဟုဆိုကာ ဒေါ်ရိုစီအောင်ကို NUG မှ လုပ်ကြံသတ်ဖြတ်ခဲ့သည့်သဘော သက်ရောက်သော ရေးသားမှုများဖြင့် ဖြန့်ဝေထားသည်။ ပြန်လည်မျှ ဝေသူ ၂၀၀ ကျော်ရှိနေပြီ ဖြစ်သည်။

ဘညွန့်တယ်လီဂရမ်ချန်နယ်မှ “ ဒေါ်ဌေးဌေးဝင်း(ခ)ရိုစီအောင်က NUG ကို ထောက်ကွက်တွေလုပ်ခဲ့ တယ်၊ ပန်ဆယ်လိုနဲ့ တိုက်ပွဲတွေဖြစ်ဖူးတယ်၊ အခုတော့ NUG ရဲ့ စေခိုင်းမှု ပန်ဆယ်လိုရဲ့ တိုက်တွန်းမှုတွေ ကြောင့် ကြေးစားလူသတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံလိုက်ရပြီ” ဟုရေးသားထားသည်။ ထိုအကြောင်းကို အခြားတယ်လီဂရမ်ချန်နယ် ခြောက်ခုမှပြန်လည်မျှဝေထားပြီး လူပေါင်း ၂၀,၀၀၀ နီးပါး ဖတ်ရှုခဲ့ကြသည်။

မဇ္ဈိမမှထိုအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာ ဒေါ်ရိုစီအောင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နှလုံးစက်ရပ်တန့်၍ သေဆုံးခဲ့ကြောင်းသိရသည်။

“ကျနော့်အမေက နှလုံးရောဂါနဲ့သေဆုံးသွားတာပါ။ ကျနော့်အမေမှာ Chronic Heart Disease ရှိပါ တယ်။ သွေးတိုး၊ ဆီးချိုရော ဆယ်စုနှစ် နှစ်ခုကျော်ခံစားခဲ့ရတာပါ။ အမေက pacemaker (နှလုံးစက်) ထည့်ထားရတာပါ။ အဲ့ဒီ pacemaker ရပ်တန့်သွားတဲ့အတွက် ဖြစ်သွားတဲ့ကိစ္စပါ”ဟု ဒေါ်ရိုစီအောင်၏ သားဖြစ်သူ ကိုအဏ္ဏဝါကျော်ထွဋ်မှ မိခင်သေဆုံးမှုနှင့်ပတ်သက်၍ ၎င်း၏ ဖေ့စ်ဘုတ်တွင်ရှင်းပြထားသည်။

ကိုအဏ္ဏဝါကျော်ထွဋ်အား မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာတွင်လည်း “တရားဝင် ဆေးစာမရသေးတော့ ဒီကိစ္စကို ၁၀၀ ရာခိုင်နှုန်း သေချာမပြောနိုင်ပေမယ့် ခုလိုပျံ့နေသလို နိုင်ငံရေးနဲ့ပတ်သက်တာမျိုး မရှိပါ ဘူး။ မသေချာသေးလို့မပြောတာပါ ဖြစ်စရာတော့မရှိပါဘူး” ဟု ၎င်းက ပြောသည်။

“မာမီဆုံးသွားတာဟာ လူတွေအများကြီးပြောနေရသလို ဘာမှမဆိုင်ပါဘူး။ မေမေဟာ ရုတ်တရက်ပဲ သူရဲ့ ပေ့စ်မိတ်ကာ (နှလုံးစက်) ရပ်သွားတဲ့အတွက် ဆုံးသွားရတာပါ” ဟု ဒေါ်ရိုစီအောင်၏ ချွေးမဖြစ်သူ မအေးမွန်ကလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရှင်းပြထားသည်။

ဒေါ်ရိုစီအောင်သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံရေးအရအသုံးမချကြရန်နှင့် အမေသေဆုံးခဲ့သည့်အပေါ် စာနာ နားလည်ပေးကြရန် မိသားစုဝင်များမှ တောင်းဆိုထားသည်။ လင့် − t.ly/94C5

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်တွင်ရှိသည့် ဒေါ်ရိုစီအောင် နေထိုင်ခဲ့ သည့် သဘာဝရိပ်သာမှလည်း “တာဝန်ရှိသူအဆိုအရ ဒီဇင်ဘာ ၂၀ ရက် ဒေါ်ရိုစီ Social Security Office မှာ အသက်ရှူကျပ်လို့ ၉၁၁ ခေါ်ပြီး ဆေးရုံရောက်စစ်တော့ နှလုံးမခုန်တော့ကြောင်း၊ အသက်ဆုံးရတဲ့ အဓိက အကြောင်းရင်းက မကောင်းတော့တဲ့ pacemaker နှင့် နှလုံးရောဂါကြောင့်လို့ ကောက်ချက်ချပါ တယ်” ဟု ဖော်ပြသည်။ လင့် − t.ly/wj8C

ပန်ဆယ်လိုမှလည်း ဒေါ်ရိုစီအောင် သေဆုံးမှုမှာ ၎င်းနှင့် သက်ဆိုင်မရှိကြောင်း ဖေ့စ်ဘုတ်တွင်ပြန်လည် ရှင်းပြထားသည်။ လင့် − t.ly/I5FX

ထို့ကြောင့် ဒေါ်ဌေးဌေးဝင်း(ခ)ဒေါ်ရိုစီအောင် သေဆုံးခဲ့ရခြင်းမှာ လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နေသကဲ့ သို့ လုပ်ကြံခံရခြင်းမဟုတ်ဘဲ နှလုံးစက်(Peacemaker) ရပ်တန့်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly