မိုးဗြဲမြို့ရှိ ဘုရားကျောင်းဝင်းတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ စစ်ကောင်စီတပ်မှ မိုင်းများထောင်ထား

မိုးဗြဲမြို့ရှိ ဘုရားကျောင်းဝင်းတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ စစ်ကောင်စီတပ်မှ မိုင်းများထောင်ထား

စက်တင်ဘာ ၁၃

မဇ္ဈိမ ။ ။ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ ကြားတိုက်ပွဲပြင်းထန်နေသည့် ငါးရက်မြောက်နေ့ စက်တင်ဘာလ ၁၂ ရက်တွင် မိုးဗြဲမြို့ ဘုရားကျောင်းဝင်းအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်များက မိုင်းအမြောက်အမြား ထောင်ထားခဲ့သည်ဟု မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။

မိုးဗြဲမြို့ ပွဲကုန်း (၃)ရပ်ကွက်ရှိ ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း တပ်စွဲနေသော အကြမ်းဖက် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသဖြင့် မဟာမိတ်တပ်ပေါင်းစုများနှင့်ပူးပေါင်းပြီး ဝင်ရောက်ရှင်းလင်းမှုများ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘုရားကျောင်းအတွင်း ဝင်ရောက်ရှင်းလင်းရာတွင် 7.62 ကျည်ဆန် ၅၂၁တောင့်၊ 5.56 ကျည်ဆန် ၂၆၀ တောင့်၊ စုဗုံး ၁၄ လုံး၊ ကျည်ဘောက် ရှစ်ခု၊ RPG တစ်လုံး၊ ၁၈မိုင်း တစ်လုံး၊ သေတ္တာနှစ်လုံး၊ 79သီး နှစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ဘုရာကျောင်းအတွင်းတွင် စစ်ကောင်စီတပ်မှ မိုင်းအမြောက်အမြား ထောင်ထားသည်ကို တွေ့ရှိရသောကြောင့် ပြည်သူများအနေဖြင့် ဘုရားကျောင်းဝင်းအတွင်း/အပြင် သွားလာခြင်းမပြုလုပ်ကြရန် မိုးဗြဲ PDFက အထူးသတိပေးထားသည်။

မိုးဗြဲမြို့ပေါ်တိုက်ပွဲသည် ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အကျအရှုံးများသဖြင့် လက်နက်ကြီးများ လေယာဥ်ပစ်ကူများဖြင့် ပစ်ခတ်ကာ ကရင်နီပြည်နယ် နေရာအနှံ့အပြားသို့ စစ်ကြောင်းများထိုးလာပြီး အင်အားများစွာဖြည့်တင်းလျက် ရှိနေသည်ဟု သိရသည်။

မိုးဗြဲမြို့ ပွဲကုန်း (၃)ရပ်ကွက် ဘုရားကျောင်းဝင်းအနီး၌ စက်တင်ဘာလ ၈ ရက် မှစတင်ကာ တပ်စွဲရန်ကြိုးစားလာသည့် စစ်ကောင်စီတပ်များကို KNDF B/ 03 ၊ B/11 ၊ ကရင်နီ တပ်မတော် (KA) ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) နှင့် URF တို့ ပူးပေါင်း၍ ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

ထို့အပြင် တိုက်ပွဲပြင်းထန်လာနိုင်သည့် အခြေအနေများ ရှိနေသောကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲမြို့အနီး ဖြတ်သန်းသွားလာခြင်း မပြုကြရန် ပူးပေါင်းအဖွဲ့များက ထပ်မံသတိပေးထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရှမ်းပြည်နယ်

#ကရင်နီပြည်နယ်

#မိုးဗြဲမြို့နယ်

#စစ်ကောင်စီတပ်

#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly