ယူကရိန်း၏ ခါဆန်မြို့ကို ရုရှတပ်များ သိမ်းပိုက်

ယူကရိန်း၏ ခါဆန်မြို့ကို ရုရှတပ်များ သိမ်းပိုက်
Photo - EPA

မတ် ၃

ရုရှတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ၏ ခါဆန်မြို့ကို သိမ်းလိုက်ပြီ ဖြစ်ကြောင်း ဒေသခံအရာရှိများက အတည်ပြုသည်။ ယင်းသည် ပြီးခဲ့သည့် တစ်ပတ်အကြာက ရုရှက ယူကရိန်းကို စတင်ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ယူကရိန်း၏ ပထမဆုံးသော အဓိကကျသည့် မြို့ကြီးတစ်ခု ရုရှလက်ထဲ ကျသွားခဲ့ခြင်း ဖြစ်သည်။

“ကျူးကျော်သိမ်းပိုက်သူတွေ (ရုရှတွေ) ဟာ ခုဆိုရင် မြို့ရဲ့ အရပ်နေရာအားလုံးမှာ ရှိနေပါပြီ။ ဒါ အင်မတန် အန္တရာယ်ရှိပါတယ်” ဟု ဒေသ စီမံခန့်ခွဲမှုဆိုင်ရာ အကြီးအကဲ ဂျန်နာဒီ လက်ခူတာက မတ်လ ၂ ရက်က တယ်လီဂရမ်တွင် ရေးသားသည်။

လူဦးရေ ၂၉၀,၀၀၀ ခန့် ရှိသည့် ဆိပ်ကမ်းမြို့၏ မြို့တော်ဝန် အီဂေါ် ကိုလီခိဗ်က ခါဆန်မြို့၏ အုပ်ချုပ်ရေးပိုင်းတွင် “လက်နက်ကိုင် ဧည့်သည်များ” နှင့် ဆွေးနွေးမှုများကို ကြေညာခဲ့သည်။

“ကျွန်တော်တို့မှာ လက်နက်တွေ မရှိပါဘူး။ ရန်မူတာမျိုးလည်း မရှိခဲ့ပါဘူး။ မြို့ကို လုံခြုံစိတ်ချရအောင် ကျွန်တော်တို့ လုပ်ဆောင်နေတယ်ဆိုတာနဲ့ ကျူးကျော်မှုရဲ့ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတယ်ဆိုတာကို ကျွန်တော်တို့ ပြသထားပါတယ်” ဟု ၎င်းက ဖေ့ဘွတ်ခ်ပို့တစ်ခုတွင် ရေးသည်။

“သေဆုံးသူတွေရဲ့ အလောင်းတွေ လိုက်ကောက်ပြီး မြေမြှုပ်သင်္ဂြိုလ်မှုတွေ လုပ်တာ၊ အစားအစာနဲ့ ဆေးဝါးတွေ ပေးဝေတာ၊ အမှိုက်တွေ သိမ်းတာ၊ မတော်တဆမှုတွေ စီမံခန့်ခွဲတာ နဲ့ပတ်သက်လို့ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ကျွန်တော်တို့ ကြုံနေရပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ၎င်းအနေဖြင့် ကျူးကျော်ဝင်ရောက်သည့် တပ်ဖွဲ့များကို ကတိကဝတ်များ ပေးထားခြင်း မရှိဘဲ “ပြည်သူများကို မပစ်ရန်” တောင်းဆိုထားသလို မြို့၌ ညပိုင်းကာဖျူးတစ်ရပ် ကြေညာရင်း ယာဉ်သွားလာမှုများကို ကန့်သတ်မှုလုပ်ထားကြောင်း ကိုလီခိဗ်က ပြောသည်။

“ခုချိန်ထိတော့ တော်တော်လေး အဆင်ပြေနေပါသေးတယ်။ ကျွန်တော်တို့ အထက်မှာ လွှင့်ထားတဲ့ အလံက ယူကရိန်းအလံ ဖြစ်ပါတယ်။ အဲဒီအတိုင်း ဆက်ရှိနေစေဖို့အတွက် ဒီ လိုအပ်ချက်တွေ ကိုက်ညီရပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ခါဆန်မြို့ကို သိမ်းလိုက်ကြောင်း ရုရှစစ်တပ်ကလည်း မတ်လ ၂ ရက် မနက်ပိုင်းတွင် ကြေညာခဲ့သည်။ အဆိုပါ မြို့သည် ရုရှတို့ ၂၀၁၄ ခုနှစ်က သိမ်းယူထားခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်မှ မဝေးလှသည့် နေရာတွင် တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required