(က)
ရွာမှ 'ကြွက်ကတိုး' ရောက်နေသည်ဟု ကြား၍ ကျနော်သူနှင့်သွားတွေ့၏။ တည်းအိမ်၏ အခန်းကျဉ်းလေးအတွင်း၌ သဘတ်ကြီးအား ပုခုံးပေါ်တင်၍ 'ကြွက်ကတိုး' ထိုင်နေ၏။ သဘတ်က ညစ်ထေးထေး ....။ စီးကျလာသည့် ချွေးတို့အား သဘတ်နှင့်သုတ်ခါ အခန်းကျဉ်းအတွင်း 'ကြွက်ကတိုး' စိတ်အိုက်၍ နေ၏။ အခန်းအတွင်းဝင်လာသော ကျနော့်အားမြင်၍ 'ဟာ'... ဟု အာလုပ်သံကြီးနှင့် `ကြွက်ကတိုး´ ၀မ်းနည်းဝမ်းသာ အသံပြု၏။
'ကြွက်ကတိုး' က ကျနော်နှင့် တရွာတည်းသား ....။ 'ကြွက်ကတိုး' က ကျနော့်ထက် နှစ်နှစ်၊ သုံးနှစ်ခန့် ငယ်မည်။ 'ကြွက်ကတိုး' ၏ အစ်ကို 'ကြွက်သိုး' နှင့်မှ ကျနော်က ရွယ်တူ ....။ ကျနော်တို့ 'ကြွက်သိုး' တို့ ရှင်လိမ်ပြန်တော့ 'ကြွက်ကတိုး' က လုံချည်ကွင်းသိုင်း၍ ဂွေလှိမ့်ကောင်းဆဲ ....။ 'ကြွက်ကတိုး' ၏အဖေ 'ဦးကြွက်နီ' က ထန်းပင် လေး၊ ငါးဆယ်ခန့် ပိုင်သည်။ မူးမြစ်ဘေးတွင်လည်း ပဲခင်း၊ နှမ်းခင်းလေးများ ရှိ၏။ သားသမီးများပြီး စားအိုးကြီး၍ မချောင်လည်... စားနိုင် သောက်နိုင်ရုံမျှသာ....။ ဤအထဲ ...အနုဇီဝစက်ရုံတည်ဖို့ မြေသိမ်းသည့်စာရင်းတွင် ဦးကြွက်နီ၏ထန်းတော ပါသွားပြန်၍ `ကြွက်ကတိုး´ တို့ မိသားစု ထိုစဉ်က အတော်ကျပ်တည်းခဲ့ကြရ၏။
'ကြွက်ကတိုး' ၏အမ မိဘုတ်နှင့်မိတုတ်တို့ ထိုင်းသို့ထွက်ပြီး အလုပ်တတ်လုပ်ကြမှ 'ကြွက်ကတိုး' တို့ အသက်ရှုချောင်ခဲ့ကြ၏။ နောက်...'ကြွက်ကတိုး' အောက်မှ 'တုန်းကျော်မ' တို့ အရွယ်ရောက်လာပြီး အသီးသီးထိုင်းတွင် အလုပ်တတ်လုပ်ကြသဖြင့် 'ဦးကြွက်နီ' တို့ရွာတွင် သွပ်မိုးအိမ်လေး ဆောက်နိုင်ခဲ့ကြပြီး လှူနိုင်တန်းနိုင် ခဲ့တော့၏။
"နေပါအုံး ကြွက်ကတိုးရ မင်းက မင်းအမ၊ ညီမတွေရဲ့ ပိုက်ဆံလာသိမ်းတာလား...."
ကျနော်က ၏ 'ကြွက်ကတိုး' ၏ဘေး၌ ၀င်ထိုင်ရင်း မေး၏။
မဟုတ်ပါဘူးကွာ အဖေခေါ်ခိုင်းလို့ပါနှင့် 'စ' ၍ ကျနော်၏ အမေးအား ဖြေရင်း၊ သူ၏ လာရင်းကိစ္စအား ရှင်းပြ၏။
မေလ -၁၀ရက်နေ့ လူထုဆန္ဒခံယူပွဲတွင် `ကြွက်ကတိုး´ ၏အမနှစ်ယောက်နှင့် ညီမသုံးယောက်တို့ မဲပေးကြရမည်။ မဲပြန်ပေးရန် ဦးကြွက်နီက ကြွက်ကတိုးအား အခေါ်လွှတ်ခြင်း ဖြစ်၏။
'ကြွက်ကတိုး' က စကားအား အဆုံးသတ်ပြီး စီးကျလာသည့်ချွေးတို့အား ညစ်ထေးထေး မျက်နှာသုတ်ပုဝါနှင့် သုတ်ပြန်၏။
"ဟ... ကြွက်ကတိုးရ မင်းအဘကလည်းကွာ ....မြန်မာပြည်ထဲမှာ နေကြတဲ့သူတွေတောင် ဆန္ဒခံယူပွဲမှာ မဲပေးကြမှာ မဟုတ်ဘူးကွ.... ပေးခဲ့ရင်လည်းပဲ ကန့်ကွက်မဲပဲ ပေးကြမှာ .... ဒါကိုများ တကူးတက လာခေါ်ရတယ်လို့ "
ကြွက်ကတိုးက ကျနော့်အား မင်းမသိသေးပါဘူးကွာ ဟူသည့်အကြည့်နှင့် ကြည့်ပြီး....
"မဖြစ်သေးပါဘူး... မဲမပေးရင် မိတုတ်တို့ မှတ်ပုံတင်တွေ အကုန်ပြန်သိမ်းမယ်တဲ့ကွ.... ပြီးတော့ ...." ကြွက်ကတိုးက ပြောလက်စ စကားအားရပ်ထားပြီး ပြောင်းဖူးဖတ် ဆေးလိပ်ကြီးအား မီးညှိ့၍ ဖွာနေပြန်သည်။
"ပြီးတော့.... အငယ်မနှစ်ယောက် ဒီတတ်လာတုန်းက မှတ်ပုံတင်သွားလုပ်တာ ငါးသောင်းတောင် တောင်းတယ်။ ဒါနဲ့ မလုပ်ခဲ့ရဘူး ....အခု မဲလာပြန်ပေးရင် ဘာမှမကုန်ပဲ နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးမယ်တဲ့ကွ ...."
"အဲ့ဒါ ဘယ်သူက ပြောတာလဲ ..."
" ရယက ဥက္ကဌ က ပြောတာပေါ့ကွ ... ရယကဥက္ကဌကလည်း သူ့ ကျေးရွာမဲရုံမှာ မဲပေးတဲ့သူနည်းရင် ဖြုတ်ပစ်မယ်လို့ မ.ယ.က က ကြိမ်းတော့ သူ့မလဲ မဲပေးနိုင် တဲ့သူတွေ မဲပေးကြဖို့ အတင်းလိုက် တိုက်တွန်းနေတာပါပဲကွာ ....ဒို့ အိမ်ကလည်း မဲပေးနိုင်တဲ့သူကများတော့ ...အဘဆီ ခဏ ခဏလာပြီး မိတုတ်တို့တွေကို ပြန်ခေါ်ဖို့ တကျီကျီနဲ့ လာပြောနေတော့ အဘလည်း ငါ့ကို အခေါ်လွှတ်ခိုင်းရတာပဲ ...."
စကားနည်းသည့် 'ကြွက်ကတိုး' စကားများများပြောလိုက်ရ၍ မောသွားဟန် ရှိသည်။ မီးသေနေပြီ ဖြစ်သည့် ပြောင်းဖူးဖတ်ဆေးလိပ်တိုအား မီးညှိ့၍ ဖွာနေတော့သည်။ ဆေးလိပ်မီးခိုးငွေ့များက သူနှင့်ကျနော့်အကြား၌ လိမ့်၍လိမ့်၍ အပေါ်သို့ လွှင့်ပျံတတ်နေ၏။
စစ်အာဏာရှင်ကြီးများက အာဏာလက်လွှတ်ရမှာကြောက်၍ စစ်အာဏာရှင်စနစ် တည်မြဲရေး ဥပဒေအား ရေးဆွဲသည်။ လူထု၏ထောက်ခံမဲရဖို့ အောက်အဆင့်ဆင့် အုပ်စိုးသူ လက်အောက်ငယ်သားများအား လူထုကို မဲရုံတွင် မဲလာပေးကြရန် ခိုင်းစေ၏။ အောက်အဆင့်ဆင့် အုပ်ချုပ်သူတို့က မဲပေးသူ နည်းပါးပါက ရှိနေမြဲ အုပ်ချုပ်ရေး နေရာမှ ဖယ်ရှားခံရမည်ကို ကြောက်၍ လူထုအား မဲပေးကြရန် အကျပ်ကိုင်၏။ မဲဆန္ဒရှင်လူထုက နိုင်ငံသားစိစစ်ရေးကဒ် အသိမ်းခံရမည်အား ကြောက်ရွံ့နေကြ၏။
အကြောက်သံသရာကြီးက မုန့်လုံးစက္ကူကပ်၍ နေတော့၏။ အဆုံး၌မူ... မဲဆန္ဒရှင် လူထု၌သာလျှင် အခြေတည်နေတော့သည်။
(ခ)
ငှက်ခါးတောင် ပင်ကျရည် မရသော်လည်း ကျနော်နှင့်`ကြွက်ကတိုး´ ကွတ်တီယိုဆိုင်၏ ထောင့်စွန်းစားပွဲတွင် ထိုင်လိုက်ကြ၏။ မကြာ ....။ စကားနည်းသော 'ကြွက်ကတိုး' တစ်ယောက် အာသွက်လာတော့၏။ ရှေးဟောင်း နှောင်းဖြစ်များအား ပြောဖြစ်ကြ၏။ ရွာအကြောင်းရောက်၏။ အနုဇီဝစက်ရုံအကြောင်းရောက်တော့ ...'ကြွက်ကတိုး' သည် အသိမ်းခံလိုက်ရသည့် သူ့၏ထန်းတောအား သတိရပြီး မကျေမနပ်နှင့် 'တတ်' တစ်ခေါက်ခေါက် ....။
ကျနော်က သူတို့ ဆန္ဒမဲပေးရမည့် ဖွဲ့စည်းပုံသစ်မှ တပ်မတော်ရဲ့ အခန်းကဏ္ဍအား ရှင်းပြ၏။
"မင်းစဉ်းစားကြည့်ကွာ ... ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ စစ်သားတွေကို လွှတ်တော်ထဲမှာ ၂၅% တတ်ရောက်စေရမယ်တဲ့ ... လွှတ်တော်ဆိုတာ ပြည်သူလူထုက ရွေးချယ်ခန့်အပ်တဲ့ သူတွေနဲ့ ဖွဲ့စည်းရတဲ့အရာကွ ... ဦးနေ၀င်းခေတ်ကတောင် စစ်သားတွေ ဘောင်းဘီချွတ်၊ ခေါင်းပေါင်း ပေါင်းပြီး အရွေးခံခဲ့ကြသေးတယ်၊ အခုကြမှ သူတို့က တိုက်ရိုက်ကြီး နေရာဝင်ယူထားတာ ....ဘယ်မှာလဲ ဒီမိုကရေစီ..."
'ကြွက်ကတိုး' က ကွတ်တီယိုပန်းကန်ထဲမှ ၀က်သားဖတ် တစ်ဖတ်အား ဇွန်းနှင့်ကော်၍ ၀ါးနေ၏။
"ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးတဲ့ စစ်ဗိုလ်ချုပ်ဟာ ဒု - သမ္မတလည်း ဖြစ်မယ်တဲ့ ...ပြီးတော့ သမ္မတကြီးအဖြစ်လည်း အရွေးခံပြီး ရွေးချယ်ခံရရင် သမ္မတကြီးလည်း တတ်ဖြစ်ဦးမယ်တဲ့ကွာ ...."
ရေခဲရေခွက်အားကောက်၍ `ကြွက်ကတိုး´ သောက်လိုက်၏။ ပြီးလျှင် ....သူ၏ပြောင်းဖူးဖတ် ဆေးလိပ်တိုအား မီးညှိ့နေပြန်သည်။
" ပြီးတော့ကွာ .... ၀န်ကြီးနေရာ ၄ - နေရာကိုလည်း စစ်တပ်က စစ်ဗိုလ်တွေကပဲ အမြဲယူထားမယ်တဲ့ .... နောက်ပြီး အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ဆိုတာကို ဖွဲ့ပြီး အဲဒီကောင်စီထဲမှာ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပါကြမယ်။ သူတို့က တိုင်းပြည်အခြေအနေကြောင့် တပ်မတော်က အာဏာသိမ်းပါဆိုရင် စစ်တပ်က ဖွဲ့စည်းပုံဥပဒေအရ အာဏာသိမ်းယူနိုင်ခွင့် ရှိတယ်တဲ့...."
'ကြွက်ကတိုး' က ကျနော့်၏စကားအား နားထောင်နေသော်လည်း သူ့အကြည့်ကမူ ဆိုင်အတွင်းသို့ ၀င်လာသည့် စကတ်တိုတိုနှင့် ယိုးဒယားမလေးအား ကြည့်နေ၏။
" အဆိုးဆုံးကတော့ကွာ ....တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ စစ်တပ်ရဲ့ အရေးအရာ ကိစ္စအားလုံးကို သူ့စိတ်ကြိုက်လုပ်ပိုင်ခွင့် ရှိမယ်၊ ပြီးရင် ...ပြည်သူတစ်ရပ်လုံးက ၀ိုင်းဝန်ကူညီရမယ် ဆိုတာပဲ ...ဆိုလိုတာကကွာ ....စစ်တပ်က ၀န်ထမ်းလိုလို့ အရပ်သားတွေကို ပေါ်တာခေါ်ရင် လူထုက ဥပဒေအရ လိုက်ရမယ်။ ငြင်းလို့ မရဘူး။ စစ်တပ်က လိုအပ်လို့ လယ်သမားတွေရဲ့ လယ်မြေတွေ၊ ခြံမြေတွေကို သိမ်းပိုက်မယ်ဆိုရင် ဥပဒေအရ သိမ်းလို့ရတယ် ..."
ကျနော့်စကားကြောင့် `ကြွက်ကတိုး´ သည် ယိုးဒယားမလေးအား ငေးကြည့်နေရာမှ ကျနော့်မျက်နှာအား ကြည့်၏။ `ကြွက်ကတိုး´၏စိတ်၌ အနုဇီဝစက်ရုံတည်ရန်ဟူ၍ အသိမ်းခံခဲ့ရသည့် သူ၏ထန်းတောလေးအား အမှတ်ရသွားဟန် တူသည်။ သူမျက်နှာသည် ဒေါသကြောင့် အနည်းငယ် နီမြန်း၍လာ၏။
"အဲ့ဒါကို မင်းတို့က ထောက်ခံမလား၊ ကန့်ကွက်မလား။ မဲပေးကြရမှာကွ..."
'ကြွက်ကတိုး' ခေါင်းညိတ်နေ၏။ သူ့မျက်လုံးများက အဝေးဆီသို့ ငေးမောလျက် ....။ အညာရှိ ရွာလေးဆီသို့ ရောက်နေဟန်တူ၏။
(ဂ)
'ကြွက်ကတိုး' မပြန်မှီ ၂ ရက် - ၃ ရက်ခန့် ကျနော်နှင့်အတူ လာနေ၏။ `ကြွက်ကတိုး´က ဘုန်းတော်ကြီးသင် ပညာရေးအဆင့်သာ ရှိသော်လည်း၊ စာဖတ်၏။ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ကုန်အောင်ရ၏။ သင်္ဂြုဟ်လည်း နိုင်၏။ လောကီစာပေတွင်လည်း ယောမင်းကြီး ဦးဘိုးလှိုင်၏ ဥတုဘောဇန သင်္ကာရကျမ်းအား ဖတ်၏။
'ကြွက်ကတိုး' ကျနော်နှင့် အတူလာနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရေးသည့် `ကြောက်ရွံ့ခြင်းမှ လွှတ်ကင်းရေး´ စာအုပ်အား လက်မှမချ....။ သူသဘောကျ နှစ်ခြိုက်သည့် စာပိုဒ်များအား စာရွက်လွတ်တွင် ကူးရေး၏။ `ကြွက်ကတိုး´ စာဖတ်သည့်ပုံသဏ္ဍာန်က တမျိုး....။ သူနှစ်သက်သည့် စာပိုဒ်များအား စာရွက်လွတ်တွင် ကူးရေးသော်လည်း စာများအား မှတ်စုသဖွယ် သိမ်းထားခြင်းမဟုတ် .....။ ကူးရေးပြီး.... ပြီးပြီ။
တစ်ပါတ်ခန့်နေပြီး `ကြွက်ကတိုး´ မြန်မာပြည်သို့ ပြန်ဆင်းသွား၏။ မိတုတ်တို့ ညီအစ်မများက ပြန်ပါ၍ မသွား...။ သူတစ်ယောက်တည်းပင် ပြန်သွား၏။
သူပြန်သွားပြီးနောက် ...သူ့လက်ရေး ၀ိုင်းဝိုင်းကြီးကြီးနှင့် ကူးရေးထားသည့် စာရွက်များက ကျနော်အိမ်တွင် ကျန်ရစ်ခဲ့၏။
.... လူတို့အား အာဂတိလိုက်စား ဖောက်ပြားစေသည်မှာ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပင် ဖြစ်ပါသည်။ အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာလက်ကိုင်ထားသူတို့အား ဖောက်ပြန်စေပြီး အာဏာ၏ဒဏ်ချက်ကို ကြောက်ရွံ့ခြင်းသည် အာဏာလက်အောက်ခံတို့အား ဖောက်ပြားစေသည်....။
.... မြန်မာအများစုသည် အဂတိတရားလေးပါးနှင့် အကျွမ်းတ၀င် ရှိကြပါသည်။ အဂတိတရားလေးပါးထဲတွင် အဆိုးဝါးဆုံးမှာ ဘယာဂတိ ဖြစ်ဖွယ်ရာ ရှိပါသည်။ အကြောင်းမှာ ကြောက်ရွံ့မှု (ဘယာ)သည် အမှား၊ အမှန် ဝေဖန်ပိုင်ခြားနိုင်သည့် စွမ်းရည်အားလုံးကို နစ်မွန်းအောင် ပြု၍ တဖြည်းဖြည်းပျက်ဆီးစေသည်....။
'ကြွက်ကတိုး' တစ်ယောက် မေလ ၁၀ - ရက်နေ့အား မည်သို့ ကျော်ဖြတ်သွားလိမ့်မည်ကို ကျနော် သိနေမိ၏။
မင်းဆွေသစ်







