ဇာတ်ရှိန်တက်နေတုန်း
ဗြုံးကနဲ လျှော့ချခံလိုက်ရတဲ့အဖြစ်
မြစ်မချမ်းသာ
အဝါရောင်ပျစ်ပျစ်ဆေးသားပေါ်မှာ
လျှာအလျားသားတို့ ပိပြား
ကောင်းကင်မှုန်ဝါးနေဆဲ။
စံလွဲတန်ဖိုးတို့ကို စိုက်ပျိုး
အောက်သိုးလေထု သဲရှပ်ရှပ်
ဝင်ရိုးကျိုးပြတ်လိမ့်နေစဉ်ကာလ
ကြယ်စကျိုးကျဲမှိတ်တုတ်
ချုပ်ညရီထဲ အားတင်းဆဲ။
ခြေထောက်မည်း*တို့ ထိုးထောင်
တံလျှပ်ပြောင်ပြောင်
ခေါင်မိုးမလုံသော ကိစ္စက
ဆူးကြမ်း ကန္တာရဖြစ်
သစ်တောတို့ ပြုန်းတီးလာနေဆဲ။
အောင်းပူပြင်း ပင်လယ်ပြင်ရုန်းကြွ
မိစ္ဆာည အမှောင်တွင်းနက်မှ
ရဲမြအရုဏ်နံက်ခင်းအလှခြုံလွှမ်း
ငြိမ်းချမ်းလွတ်လပ်နိုင်ကြဖို့
(သတ်ကွင်းတချို့ကို)
ငါတို့ ဖြတ်သန်းကြရပေလိမ့်မယ်။ ။
* Black leg (အခြားအလုပ်သမားများ သပိတ်မှောက်နေချိန်တွင် အလုပ်ဆင်းသူ အလုပ်သမား)







