အမည်းမှောင်ဆုံး တိမ်တိုက်မှာတောင်ငွေရောင်အနားကွပ် ရှိတတ်ရဲ့ …
အဲဒီဆိုရိုးစကား မကိုးကားအပ်တဲ့ နေရာ
မျဉ်းဖြောင့်ရှာမရသော ပန်းချီကားမှာ
အဝါရောင် များလွန်းလှချည့်။
ဒီမှာ ကျုံကျုံလှီလှီ အသက်ရှုနေထိုင်ခြင်းအတတ်
တဘက်ကမ်းခတ် တတ်မြောက်
ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်
……………..။
ကြာကြာဝါး ခါးမှန်းသိနေကြပါလျက်
ဇက်ကြိုးကိုတွယ်ဖက်
ဝိဥာဉ်မဲ့ ရှင်သန်နေကြသော ပဲ့ပြားပင်တို့
တချို့ နှစ်ချို့ဆွေးရိ
တချို့ တတိတိပွန်းစား
မစည်ကားအပ်သော အရပ်တို့သာ။
အဲဒီ ကလိုရိုဖီးလ်* အသစ်နဲ့ သစ်ပင်တွေကို
မကြည့်လိုက်ကြနဲ့
စူးရဲတဲ့ အရောင်တုတွေဟာ
ကောင်းကင်ပြာကြီးကို ဘေးသင့်စေတယ်။
ဘယ်မြစ်ကြောင်းဟာ
ရေစီးအား အကောင်းဆုံးဆိုတာကိုသာ။ ။
(* Chlorophyl - အပင်များ၏ အစိမ်းရောင် ရောင်ချယ်ဆဲလ်)







