သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > ရသဘဏ်တိုက် > ကဗျာ > သားတို့ ပြန်လာပါမည်

သားတို့ ပြန်လာပါမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမေ
သားငယ်ငယ်တုန်း
အမေ့အပြုံး
တချိန်လုံး ပျော်ခဲ့တယ်။
sc
သားအရမ်းဆော့တော့
မနားတမ်းချော့မော့
ဆော့သင့်သလောက်
ချော့ပင့်မြှောက်
တခါတရံ
မောသင့်သလောက် မောခဲ့တယ်။

စာသင်တဲ့အရွယ်
ပျိုမြစ်နုငယ်
ပိုချစ်ခဲ့တဲ့
အမေရယ်။

အမဲသားကြိုက်
သားအလိုက်
အမေ
အားစိုက်ချက်ကျွေးတယ်။

စာတွေမရ
အာတွေကျလည်း
မရမက စာသင်ပြ
အဲ့ဒါ အမေ့အလှ။

အရွယ်လည်းရောက်
လူလားမမြောက်တမြောက်
မကြောက်တတ်တဲ့အရွယ်
ဇောက်မနက်တဲ့ကောင်ငယ်ကို
ချစ်တုန်း
အပြစ်မသုံး
အမေ ဆုံးမတုန်းပါပဲ။

လူပျိုဖော်ဝင်စ
အပျိုတွေမြင်ရ
အမေဘဝင်မကျ
ဒါ
စာသင်ရမယ့်အရွယ်
ကညာခင်ရတဲ့အချိန်မဟုတ်
အမေသမုတ်ခဲ့တယ်။

တက္ကသိုလ်မရောက်
လမ်းတကာလျှောက်တော့
မပျောက်ရမယ့်တရား
အမေ့စကား
လူသားဆန်ရမယ်တဲ့။

စူးစမ်းဆင်ခြင်
အမှားအမှန် မမြင့်တမြင်
တိုင်းတခွင်လုံး
အုံးရုန်းထကြွ
မရမက
တောင်းဆိုနေသည်
ဒီမိုကရေစီ
ဒါကို
သားလည်း လိုချင်ပြီ။

အမေက ချစ်သလား
ဂရုမထား
သပိတ်ကိုသွား
ကျနော့်အား
အမေ
စောင်ပါးလာပို့သည်။

အခြေအနေပြောင်း
အနေအထိုင်မကောင်းတော့
ဆောင်းခိုစရာအတွက်ဒီဌက်
အမေ
တွက်ချက်ရှာပေးတယ်။

ပါတီတွေထောင်
ဒီမိုကရေစီရအောင် ဆောင်မယ်လို့
သားက ကြွေးကြော်တော့
အမေတွေးကာမော့
အော်
ငါ့သားတော့ မောရှာမပေါ့လို့
အမေ့အမြင်
သားမထင်ခဲ့ပါဘူး။

ကဗျာရူးစာရူး
ဒီသားဦး
အမေ့နဖူးမှာ
ထာဝရဦးနေမှာလို့
အမြဲတွေးထင်
သားကွေးတဲ့ကုတင်
အမေ
ထွေးလျက် အစဉ်နေမှာပါ။

ဒီလိုနဲ့
အချစ်ဦး
မပစ်ဖူးဘဲနဲ့
အသစ်အထူးထွင်တဲ့
စစ်ဦးအမြင်နဲ့
ရရင်ရ
မရရင်ချ
အဲဒါသားတို့ဘဝ
အလှ။

အမေ့ကို စွန့်ခွာ
တောကို ချစ်လာ
ဘယ်ခါမသုဉ်း
အမှန်ဆုံးအတွက်
သူပုန်စစ်သား
အမေ့အား
နှုတ်ခွန်းမဆက်သနိုင်ခဲ့ပါ။

ဌက်ဖျားမကြောက်
တောတကာရောက်
ဆားတောင် ပျောက်ခဲ့ရအလီလီ
(တကယ်ဆို)
အမေတွေးလို့
မဖြေနိုင်ပြီ။

စမ်းရေတွေခြောက်၊ လမ်းတွေ ပျောက်လည်း
မကြောက်တရား၊ စိတ်မှာထား
မနားချီနေ၊ သားတို့တတွေ
သွေးချွေးတွေထွက်၊ ပြည်သူအမြတ်
တသက်ခံစားစေ။

တောလည်အဆုံး၊ နေ့တိုင်းမုန်းလည်း
ကုန်းရုန်းချီတက်၊ ကလေးတွေအတွက်
ပေးဆပ်ရမလေ၊ ကမ္ဘာမကြေ။

စနစ်ဆိုးတွေ ပျက်သုဉ်း
အချစ်တွေတောင်လိုဖုံး
အဲဒီလို အဆုံးကျတော့
အမေ့အတွက် စံပယ်တထုံး
သားစီကုံးလို့
(ဘယ်လိုမှ)
မေ့မရတဲ့မြန်မာပြည်
တနေ့တော့
အမေ့ဆီ
သားတို့ ပြန်လာပါမည်။

ဝဝး၂၆ (၂၉.၁၂.ဝ၉)

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1614 guests online