ခုန်ဆွ ခုန်ဆွလက်တွေ လေထဲ မြှောက်မြှောက်ပြတဲ့
ခေတ်ရဲ့ ဟစ်ပ်ဟော့ပ် တပုဒ်ကလည်း
ရင်နဲ့နားထဲ လုံးဝ မစွဲလေဘူး …။
ဟိုသီချင်းတပုဒ်ထဲကလို
မေရှင် ဓာတ်ပြားဟောင်းလေးပဲ
နားထောင်ရရင် ကောင်းမလား
”အင်း”…. ခေါင်းစားတယ် ….။
ချစ် ကြိုက် ကွဲ ညား
ရုပ်ရှင်တကားလည်း မကြည့်ချင်ဘူး …။
မင်းသားနဖူးကို သေနတ်နဲ့ချိန်
ဗီလိန်ကို အကယ်ဒမီပေးနေတဲ့ ဇာတ်ကား
ရုံတင်ထားတာလည်း ကြာပြီ ….။
မကြာမီ မျှော် ..
ရင်ခုန်ရလေသော ဇာတ်လမ်း
ကြော်ငြာ စာတမ်းတွေကတော့ တင်းကျပ်ပြည့်
ရုံတင်ဖို့ နေ့စွဲက မရှိသေး …။
အေးအေးသက်သာ
ကဗျာတပုဒ် ရေးဖို့အတွက်
ကီးဘုတ်ပေါ် လက်တင်တဲ့အခိုက်
”ဟိုက်”… မီးပျက်သွားပါပကော
စိတ်ထဲ မောလိုက်တာ …။
နေ့တနေ့ရဲ့ ”ပြီးပါပြီ” စာတန်းအထိုး
ကောင်းကင် အဆိုးက
သတင်း မိုးတွေရွာ
ဒီကနေ့ညလည်း မနေ့ညကလိုပါပဲ
အပြိုပြို အလဲလဲ
မျှော်လင့်ချက်တွေ နည်းပြီး
အကွဲအပြဲတွေ ရွှဲစိုနေတဲ့ လေအိုအိုမှာ
မွန်းကြပ်မှုတွေ အလိပ်လိုက် တွဲခိုနေတယ် …..။ ။







